PDF များနှင့် တွေ့သည်ဟု ပြောသည့် စိတ်ဝေဒနာရှင် ဖမ်းခံရ

PDF များနှင့် တွေ့သည်ဟု ပြောသည့် စိတ်ဝေဒနာရှင် ဖမ်းခံရ

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များကို တွေ့မိကြောင်း ပြောမိသည့် စိတ်ဝေဒနာရှင်တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

စိတ်ဝေဒနာရှင်၏ စကားအပေါ်မူတည်၍ လုံခြုံရေး တပ်ဖွဲ့များက စစ်ကား နှစ်စီး အပြည့်ဖြင့် PDF များကို ၄ ရက်ကြာအောင် တောနင်းရှာဖွေလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား စိတ်ဝေဒနာရှင်က PDF များကို တွေ့ ရှိခဲ့ကြောင်း ပြောမိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီခန့် ရှောပြာကျေးရွာအုပ်ရေးမှူး စောဒေးဗစ် ခေါ် ဝိုင်းကြီးကို တစ်ရွာတည်းနေ စိတ်ဝေဒနာရှင် က ၎င်းအား PDF မိန်းခလေးများက ချောင်းသာတောတွင်းသို့ ဖမ်းခေါ်သွားပြီးနောက် ပြန်လွှတ်လိုက်သည် ဟု ပြောမိရာမှာ ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“စိတ်ဝေဒနာရှင် ဆိုပေမယ့် သွက်သွက်ခါ ရူးနေတာမျိုး မဟုတ်ဘူး။ စိတ်ပုံမှန် မဟုတ်တဲ့ ပေါသွပ်သွပ်မျိုး ပြောတတ်သူပါ။ အလုပ် တစ်ခုခုလုပ်နေရင် သာမန်အချိန်ဆို လူကောင်းတစ်ယောက်လိုပါ” ဟု ရှောပြာရွာခံ တစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန ကို ပြောသည်။

အဆိုပါ စိတ်ဝေဒနာရှင်သည် ရှောပြာကျေးရွာ အုပ်ချုပ်မှူးရုံးတွင် PDF များနှင့် တွေ့ရှိခဲ့သည့် ဖြစ်စဉ်ကို ပြောမိရာ စက်တင်ဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည် ဟု သိရသည်။

စက်တင်ဘာ ၈ ရက်နေ့က ထိုစိတ်ဝေဒနာရှင်က ၎င်းတစ်ဦးတည်း တောထဲသို့ ဝါးခုတ်သွားစဥ် PDF မိန်းခလေး ၅ ဦး က ဖမ်းဆီးသွား၍ အခြား PDF ၂၅ ဦးကို တွေ့ခဲ့ရပြီးနောက် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုကြောင်း သိရသည်။

စိတ်မမှန်သူ၏ ပြောစကားကို သတင်း အတည်ပြု၍ စစ်ကား ၂ စီး အပြည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပြည် သူ့စစ်အဖွဲ့ဝင်များက ပူးပေါင်းပြီး တောနင်းရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံ သတင်းရင်း မြစ်များ က ဆိုသည်။

“PDF တွေကို ရှာနေတာ ၄ ရက်ကျော် ရှိပြီ။ ဘာမှလဲ မတွေ့ဘူး။ စိတ်မကောင်းတဲ့ သူကိုတော့ စခန်းမှာ ဖမ်း ထားတုန်းပါ။ မိသားစုဝင်တွေကတော့ စိုးရိမ်နေတယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြော သည်။

 

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စောဒေးဗစ် ခေါ် ဝိုင်းကြီး နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး အချို့ကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ကင်းပုန်းဝပ်ခြင်း အပြင် တောတွင်း သို့ ဝါးခုတ်၊ သစ်ခုတ်၊ မုတ်ဆိုး ဟန်ဆောင်ကာ သတင်းထောက် လှမ်းမှုများ ပြုလုပ်လျှက် ရှိနေသည် ဟု သိရသည်။

ထို့အပြင် ပုသိမ်ကြိုးတံတားဂိတ်တွင်လည်း မိုင်းရှာခွေးများ အသုံးပြုကာ ပိတ်ဆို့စစ်ဆေးမှုများ နေ့စဥ်ပြုလုပ်နေ သည်ဟု ဒေသခံက ပြောသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် စစ်ကောင်စီ၏ ပြည်ထောင်စု ဝန် ကြီး လိုက်ပါလာသည့် ယာဥ်တန်းကို PDF များက အလစ်အငိုက် ဖမ်း၍ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...