အခြေခံလူသုံးကုန်ပစ္စည်း ဈေးနှုန်များ အဆမတန်မြင့်တက်နေမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ကျေးရွာအချို့ရှိ အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများသည် အိမ်သုံးဆပ်ပြာဆီများကို အိမ်တိုင်းနီးပါးလိုလိုတွင် ကိုယ်တိုင်ပြုလုပ် သုံးစွဲနေကြသည်ဟု မြို့ခံအိမ်ရှင်မများက ပြောဆိုသည်။
မရှိမဖြစ် လူသုံးကုန်ပစ္စည်း တစ်ခု ဖြစ် သည့် ဆပ်ပြာကို တဖက်တလှမ်းမှ ငွေကြေးချွေတာနိုင်ရန် ထိုကဲ့သို့ ကိုယ်တိုင်ပြုလုပ် သုံးစွဲနေကြခြင်း ဖြစ်သည် ဟု တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
“ဆန်ဈေး၊ ဆီဈေး တက်တဲ့အထဲ ဆပ်ပြာကပါ ဈေးတက်လာတော့ ရတဲ့ဝင်ငွေကလည်း ဆပ်ပြာဖိုးထဲ တစ်လ ၁၀ ပုံ ၁ ပုံတော့ ရောက်တယ်။ မစားရမသောက်ရ ဆိုပေမယ့်လည်း ဆပ်ပြာက မရှိမဖြစ် သုံးရတာကိုး။ ဆပ် ပြာဆိုတာနဲ့ တမျိုးတည်း မဟုတ်ဘူးလေ။ မျက်နှာသစ်ဖို့၊ ရေချိုးဖို့၊ အဝတ်လျှော်ဖို့၊ ပန်းကန်ဆေးဖို့၊ လက် ဆေးဖို့ ဆပ်ပြာက အမျိုးအစား အကုန်ဝယ်ရတယ်လေ။ အခုကိုယ်တိုင်လုပ်တော့
ကုန်ကျစရိတ် တော်တော် သက်သာ တယ်။ ကိုယ်တိုင်လုပ်တဲ့ဆပ်ပြာက မျက်နှာသစ်တာလွဲရင် အကုန်သုံးလို့ရတယ်” ဟု ထိုအိမ်ရှင်မ က ပြောပြသည်။
စစ်အာဏာသိမ်းပြီးသည့် အချိန်မှစတင်၍ အခြေခံလူသုံးကုန်ပစ္စည်း ဈေးနှုန်းများ တရိပ်ရိပ် ဈေးမြင့်တက် လာ ခဲ့ရာမှ ယခု ဩဂုတ်လနောက်ဆုံးအပတ်တွင် လူသုံးကုန်ဆပ်ပြာအမျိုးမျိုး ဈေးနှုန်းမှာ စစ်အာဏာမသိမ်းခင်က ယခင်ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်လာကြောင်း အိမ်ရှင်မများက ပြောသည်။
ဈေးနှုန်းကြီးမြင့်လာသောကြောင့် အိမ်သုံးဆပ်ပြာအမျိုးမျိုးအတွက် တစ်လလျှင်ပျမ်းမျှ ကျပ် ၂ သောင်း ဝန်း ကျင် ကုန်ကျနေရသည်ဟု အိမ်ရှင်မများက ဆိုသည်။ ယခုကဲ့သို့ အိမ်သုံးဆပ်ပြာများ ကိုယ်တိုင်ပြုလုပ်ရာ တွင် ကျပ် ၆ ထောင် နီးပါးဖြင့် ဆပ်ပြာဆီ ၃ ပိဿာကျော် ရပြီး ၃ လ ခန့်ကြာ အသုံးပြုနိုင်သဖြင့် အိမ်အသုံး စရိတ် ချွေတာရာရောက်သည်ဟု အိမ်ရှင်မများက ဆိုသည်။
စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ မရှိမဖြစ် စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများမှာ တရိပ် ရိပ် ဈေးမြင့်တက်လာခဲ့ရာ ယခုဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဈေးမြင်တက်လာမှုက ယခင်လများနှင့် နှိုင်း ယှဉ်ပါက အမြင့်ဆုံးဖြစ်လာနေသည်ဟု တောင်ကြီးမြို့ခံ ကုန်သည်ကြီးများက ပြောသည်။
အခြေခံ လူသုံးကုန်ပစ္စည်းများထဲတွင် အိမ်သုံးဆပ်ပြာအမျိုးမျိုး၏ ဈေးနှုန်းမှာ ဈေးမြင့်တက်မှု အသိသာဆုံး ဖြစ်သည်ဟု အိမ်ရှင်မများကပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ရောင်းချနေသည့် အဝတ်လျှော်ဆပ်ပြာများမှာ တံဆိပ်အမျိုးမျိုးပေါ် မူတည်၍ ၂၀၀ ဂရမ် တစ်ထုတ်လျှင် ပျှမ်းမျှ ၃၀၀ ကျပ် အထိ ဈေးတက်လာပြီး ၇၀၀ ဂရမ် တစ်ထုတ်လျှင် ပျှမ်းမျှ ၈၀၀ ကျပ် အထိ ဈေးတက်ပြီး ဆပ်ပြာ ၃၀,၀၀ ဂရမ်နှင့်အထက် အထုပ်ကြီးများသည် အနိမ့်ဆုံး ၃,၀၀၀ ကျပ်မှ အမြင့်ဆုံး ၅,၀၀၀ ကျပ်အထိ အဆမတန် ဈေးမြင့်တက်လာသည်ဟု လူသုံးကုန်ပစ္စည်း ဈေးအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။
ထို့အပြင် ရေချိုးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာများလည်း တံဆိပ်အမျိုးမျိုးနှင့် ပါဝင်သည့် အလေးချိန် ဂရမ်အပေါ် မူတည်၍ ယခင်ထက် အနည်းဆုံး ၁,၀၀၀ ကျပ်မှ အများဆုံး ၃,၀၀၀ ကျပ်အထိ ဈေး မြင့်တက်လာသည်ဟု ၎င်းတို့က ဆက်ပြောသည်။
ဈေးမြင့်တက်နေသည့် ဆပ်ပြာအများစုမှာ ပြည်တွင်းထုတ် ဆပ်ပြာအမှတ်တံဆိပ်များ ဖြစ်ကြပြီး၊ ပြည်ပထုတ် ဆပ်ပြာအမှတ်တံဆိပ်များ ဈေးမြင့်တက်နှုန်းသည် ပြည်တွင်းထုတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ဈေးနှုန်းသက် သာသည်ဟု အိမ်ရှင်မများနှင့် ဈေးအရောင်းဆိုင်ပိုင်ရှင်များက ပြောသည်။
“အဝတ်လျှော်ဆပ်ပြာဆိုရင် ပြည်တွင်းက ၂၀၀ ဂရမ် တစ်ထုပ်ကို ၁,၀၀၀ ကျပ် ရောင်းတယ်။ ထိုင်းကလာတဲ့ ဟာ ဆို ၇၀၀ ဂရမ် တစ်ထုပ်မှ ၂,၈၀၀ ကျပ်ပဲ။ ကွာလတီကအစ ပိုကောင်းတယ်။ သူကလည်း မတက်တာ မဟုတ်ဘူး။ တက်တော့တက်ပေမယ့် ပြည်တွင်းထုတ်တာလောက်တော့ အတက်မကြမ်းဘူး။ ပြည်တွင်း ထုတ် ကုန်ဈေး ပိုတက်တာက ကုန်ကြမ်းဈေးမြင့်လာပြီး စစ်ကောင်စီက ပြည်တွင်းလုပ်ငန်းရှင်တွေကို ဒေါ်လာ ထိန်း ချုပ်ထားလို့ ဖြစ်ပါလိမ့်မယ်” ဟု တောင်ကြီးမြို့ခံ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ တောင်ကြီးမြို့ပေါ်တွင်လည်း CDM ပြုလုပ်သည့် ဝန်ထမ်းများ လုပ်ငန်း ရပ်ဆိုင်းရသောကြောင့် အလုပ်လက်မဲ့ ပြည်သူများ နေ့စဉ်နှင့်အမျှ တိုးပွားလာပြီး ၎င်းတို့မှာ တစ်နိုင်တစ်ပိုင် လုပ် ငန်းအနေဖြင့် ဆပ်ပြာဆီနှင့် သဘာဝခေါင်းလျှော်ရည်စသည့် အိမ်တွင်းမှုလုပ်ငန်းများလုပ်၍ စီးပွားရှာနေသူ များ လည်း ရှိနေသည်ဟု မြို့ခံပြည်သူများက ပြောပြသည်။
တောင်ကြီးမြို့ပေါ်ရှိ အိမ်ရှင်မများမှာ အိမ်သုံးဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲခြင်းက အနည်းငယ် လူ ပင်ပန်းသည်မှအပ ကုန်ကျစရိတ်များစွာ သက်သာသောကြောင့် မြို့ရှိအခြေခံလူတန်းစားနှင့် လူလတ်တန်းစား တို့မှာ အိမ်တိုင်းနီးပါး ပြုလုပ်သုံးစွဲနေကြသည်ဟု ပြောဆိုကြသည်။
သို့သော် ဆပ်ပြာကုန်ကြမ်းဈေးမှာလည်း ယခင်က (N-70၊ SLS၊ NaCI၊ အမွှေးဆီ၊ အရောင်) အားလုံးပါ တစ်ဖုံ လျှင် ၄,၀၀၀ ကျပ်သာ ပေးဝယ်ရသော်လည်း အာဏာသိမ်းခံရပြီးသည့် နောက်ပိုင်းမှစတင်၍ တရိပ်ရိပ် ဈေး မြင့် လာရာမှ ယခုလက်ရှိတွင် တစ်ဖုံလျှင် ၆,၀၀၀ ကျပ် အထိ ပေးဝယ်နေရသည်ဟု
အိမ်ရှင်မများက ပြော သည်။
ထိုသို့ အိမ်သုံးဆပ်ပြာဆီ ကိုယ်တိုင်ပြုလုပ်ရခြင်းက ကုန်ကျစရိတ်တချို့ သက်သာသော်လည်း ဆပ်ပြာဆီ ပြု လုပ်သည့် ကုန်ကြမ်းပစ္စည်းများ ဝယ်လိုအားများလာချိန်တွင် ကုန်သည်များက ဈေးမြင့်သည့် အလေ့အထ ရှိ သောကြောင့် ဆပ်ပြာကုန်ကြမ်းဈေး ထပ်မြင့်တက်လာမည်ကို တောင်ကြီးမြို့ခံ အိမ်ရှင်မများက စိုးရိမ်ပူပန် ကြောင်း ပြောပါသည်။