မြန်အောင်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အသက် ၅၀ ကျော် အမျိုးသားကို လက်ပြန်ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်

မြန်အောင်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အသက် ၅၀ ကျော် အမျိုးသားကို လက်ပြန်ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ သပြေကုန်းနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်ငါးဦးက အသက် ၅၀ ကျော်အရွယ် ဦးသိန်းအောင်အား လက်ပြန် ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က သပြေကုန်းကျေးရွာရှိ အရက်ဆိုင်တစ်ဆိုင်၌ အရက်ထိုင်သောက်နေသည့် ရဲငါးဦးက ၎င်းတို့အား ပြန်လိုက်ပို့ပေးရန် ဦးသိန်းအောင်အား အကူအညီတောင်းသဖြင့် ပြန်လိုက်ပို့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လိုက်ပို့ရာလမ်းတွင် အဆိုပါ ရဲငါးဦးက ဦးသိန်းအောင်အား ဝိုင်းဝန်း ထိုးကြိတ်ပြီး လက်ပြန်ကြိုးတုပ်ကာဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲ၍ အကြောင်းမဲ့ညှဉ်းပန်း နှိပ်စက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဦးသိန်းအောင်က လက်သမားဆရာတစ်ယောက်ပါ။ သူက သပြေကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းရွာမှာ နေတယ်။ သပြေကုန်းမှာ လက်သမား အလုပ်လာ လုပ်တာ။ အလုပ် ခဏနားလို့ အရက်သွားသောက်တာကနေ ရဲငါးယောက်က ခေါ်သွားပြီး မျိုးစုံနှိပ်စက်တာပါ။ ဦးသိန်းအောင်က အရက်သောက်တာပဲရှိတယ် တော်တော်အနေ အေးသူပါ။ ဘာနိုင်ငံရေးမှလည်း မသိတဲ့လူပါ။ ဘာကြောင့်ဒီလိုလုပ်တာလဲ မသိဘူး" ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရဲငါးဦး၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဦးသိန်းအောင်၏ ဦးခေါင်းတွင် ကျောက်ခဲစများဝင်ရောက်ကာ သွေးအန်ခြင်း၊ ပါးရိုး တစ်ဖက်ကျိုးခြင်းအပြင် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

"ဦးသိန်းအောင်တို့က လက်လုပ်လက်စားတွေ ဆိုတော့ ဆေးရုံကိုလဲ သွားမပြနိုင်ဘူး။ အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ကုနေရတယ်လို့သိရတယ်။ လောလောဆယ်တော့ ဘာကိုမှ မမှတ်မိဘဲ အတိတ်မေ့သလိုဖြစ်နေတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အသက် ၅၀ ကျော်အရွယ်အမျိုးသား ဦးသိန်းအောင်အား အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည့် သပြေကုန်းနယ်မြေရဲစခန်းရှိ ရဲငါးဦးအား တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...