လဲသျို့ — ကရင်နီပြည် စစ်ဘေးရှောင်တွေထဲက ၅နှစ်အောက်ကလေးငယ် ၆သောင်းကျော်ဟာ ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်ကို မရရှိသေးဘူးလို့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN) ဒါရိုက်တာ ဆရာဖိလစ်က ပြောပါတယ်။
“စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အားလုံးပျက်သွားတယ်လေ။ ပျက်သွားတယ်ဆိုတာက ဒီ ဝန်ထမ်းတွေ CDM ပြုလုပ်လိုက်တဲ့အတွက်ကြောင့်လည်းပါတယ်။ နောက်ပြီးတော့ အစိုးရက သူ့ယန္တရားကို ကောင်းကောင်းမနိုင်တာကြောင့်လည်းပါတယ်။ အဲ့ဒါကြောင့်မလို့ ဒီနောက်ပိုင်းမှာ ပြောရမယ်ဆိုရင်တော့ ၂၀၂၁နောက်ပိုင်းမှာဆိုရင် အဲ့ဒီလုပ်ငန်းတွေပျက်ကုန်တယ်။ အဲ့ဒီကာကွယ်ဆေးတွေ မလုပ်ပေးနိုင်တော့ဘူး။” လို့ ဆရာဖိလစ်က ပြောပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသတွင်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ကြရပြီး ကလေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံခွင့်ကို မရရှိတော့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးသိုလှောင်ဖို့အတွက် လိုအပ်တဲ့ အအေးခန်းတွေကို စီမံဖို့ခက်ခဲတာတွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လက်လှမ်းမမှီတာတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ထိုးနှံပေးဖို့ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ၅နှစ်အောက် စစ်ဘေးရှောင်ကလေးတွေအတွက် သန်ချဆေးတစ်မျိုးကိုသာ တိုက်နိုင်ပြီး ပုံမှန်ကာကွယ်ထိုးနိုင်ခြင်းမရှိဘူး လို့ဆိုပါတယ်။
ပုံမှန်ကာကွယ်ဆေးမထိုးပေးနိုင်တဲ့အတွက် ကလေးဟာ မကြာခဏဖျားနာကြသလို အာဟာရပြည့်ဝစွာမစားသုံးနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
“အဓိက ဝမ်းလျှောဝမ်းပျက်ဖြစ်နေတာတွေ။ ကလေးက ကျန်းမာရေးချို့တဲ့တာတွေရှိတယ်ပေါ့နော။ ဖျားကြတာပေါ့။ ဖျားတာတွေတော့ ဖျားကြတယ်။ ခုခံအား ကလေးခုခံအားနဲ့ ပတ်သက်ပြီးတော့မှ ခါတိုင်းထက် ပုံမှန်ထက် လျော့နည်းနေတာ တွေ့ရတယ်ပေါ့နော။” လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ဘျားမာမှာ သုံးနှစ်အရွယ် အငယ်ဆုံးသားလေးက ပုံမှန်ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အတွက် ကာကွယ်ဆေးထိုးခွင့်ရခဲ့တဲ့ သူ့သားအကြီးတစ်ယောက်လောက် ကျန်းမာရေးမကောင်းဘူးလို့ ဆိုပါတယ်။
“သားတစ်ယောက်က သူများတုပ်ကွေးဖြစ်ရင် အဲ့လောက်မြန်မြန်ဆန်ဆန်ကူးစက်မှုမရှိဘူး။ ဒီအငယ်ဆုံးတစ်ယောက်က သူများမဖျားရင်လည်း သူက ကိုယ်ပူချောင်းဆိုးတာတွေဖြစ်တယ်။ သူများထက်ဆိုးတယ်လေ။ ဝမ်းသွား အန်တာတွေလည်း မကြာခဏဖြစ်တယ်။ အဲ့တာကာကွယ်ဆေးနဲ့ပဲ ဆိုင်တာလား။ ကလေးတွေပဲ ဖြစ်တတ်တာလား။ မပြောတတ်ဘူးပေါ့။” လို့ ဒေါ်ဘျားမာက ပြောပါတယ်။
စစ်ရှောင်စခန်းက ကလေးငယ်တွေအားလုံးကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်ရစေချင်တယ်လို့ သူကပြောပါတယ်။
ကလေးငယ်တစ်ဦးဟာ ပုံမှန်ကာကွယ်ဆေး မထိုးနှံနိုင်ရင် နောက်ဆက်တွဲ ကျန်းမာရေး အကျိုးဆက်တွေ ခံစားနိုင်တာကြောင့် ကလေးကာကွယ်ဆေးထိုးနိုင်ဖို့ အရေးကြီးလုပ်ငန်းစဉ်အဖြစ် စဉ်းစားဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
“မထိုးနိုင်ခဲ့ရင် နောက်ဆက်တွဲ အစုလိုက်အပြုံလိုက် ဝက်သက်ပေါက်တာ၊ ဆုံဆို့နာ၊ ကြက်ညှာစတဲ့ ကူးစက်ရောဂါတွေက ကပ်ရောဂါလို ပြန်ဖြစ်လာနိုင်ပါတယ်။ ကလေးတွေအတွက် အသက်ဆုံးရှုံးနိုင်တာဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အချက်ဖြစ်ပါတယ်။ ကလေးတွေဆီ ကာကွယ်ဆေးထိုးလုပ်ငန်းအရောက်သွားနိုင်ဖို့ (သို့မဟုတ်) ကာကွယ်ဆေးထိုးလုပ်ငန်းရှိရာကို ကလေးတွေ လာနိုင်ဖို့ကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ စဉ်းစားဆောင်ရွက်ကြဖို့ လိုပါတယ်။” လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနက တစ်နှစ်ခွဲအထိ ကလေးငယ်တွေကို ကာကွယ်ဆေး ( ၁၁ ) မျိုး ထိုးနှံပေးရတယ်လို့ CDM ဆရာဝန်ထံက သိရပါတယ်။ ကာကွယ်ဆေးဟာ သတ်မှတ်ထားတဲ့ အသက်အရွယ်မှာသာ ထိုးနှံဖို့သင့်တော်ပြီး တချို့ ကာကွယ်ဆေးတွေက အချိန်လွန်ပေမယ့် ထိုးနှံနိုင်သေးတာရှိသလို တချို့လည်း အချိန်လွန်ထိုးနှံလို့ မရတော့တဲ့ ကာကွယ်ဆေးတွေရှိတယ်လို့ သိရပါတယ်။