ကရင်နီပြည်မှာ တစ်နှစ်ကျော် ကြာလာတဲ့ တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ဖိစီးမှုတွေ ခံစားနေကြရပြီး အားပေးနှစ်သိမ့်မှုတွေလိုအပ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ လူမှုအသင်းအဖွဲ့တွေက ပြောပါတယ်။
လက်ရှိမှာတိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေ မရှိတော့အောင် ဆောင်ရွက်ဖို့ ခက်ခဲတယ်လို့ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ကွန်ယက် (CHDN) ဒါရိုက်တာ ခွန်းဖိလစ် က ဆိုပါတယ်။
“ အခုချိန်က ဘယ်လိုမှ မလုံခြုံတဲ့ အခြေအနေရှိတဲ့ အခါကျတော့ ကျနော်တို့ ဘယ်လို ပြောမလဲ အဲ့ဒါ တွေကို ပိုပြီးတော့ မတွေးနဲ့ လို့ ကျနော်တို့ counseling လုပ်လို့ရပေမယ့် သူတို့မတွေးလို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပတ်ဝန်းကျင် အနီးအနားမှာက တိုက်ပွဲ ကြောင့် သေဆုံး ဒဏ်ရာရတဲ့ သူတွေ သူတို့ မြင်နေတယ် ကြားနေတယ် လက်နက်ကြီး ဒဏ်တွေ သေနတ်သံတွေက သူတို့ မြေပြင်ကနေဖြစ်တဲ့အခါကျတော့ ဒီလို ပကတိ အခြေအနေမျိုးမှာက အဲ့ဒါတွေကို ကျနော်တို့ ကုစားဖို့က ခက်တယ်။ “ လို့ ခွန်းဖိလစ်က ပြောပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ၊ မိခင်တွေ မှာ ပိုပြီး စိတ်ဖိစီးမှုတွေ ခံစားနေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
တချို့ စစ်ရှောင်တွေဆိုရင် နေအိမ်မီးလောင်တဲ့ အထဲပါသွားတာတွေ၊ တိုက်ပွဲတွေထဲ သားသမီး ဆုံးရှုံးလိုက်ရတာတွေ၊ စစ်ရှောင်နေရတာ နှစ်နဲ့ချီပြီ ဖြစ်တဲ့အတွက် စားဝတ်နေရေး အဆင်မပြေတာတွေ စတဲ့ အကြောင်းရင်းတွေနဲ့ တခြားသော အကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေကြရတာဖြစ်ပါတယ်။
“ စစ်ပြေးနေရခါကျတော့ အဓိက သူတို့စိတ်ပိုင်းကတော့ အရင်ဆုံးပဲပေါ့။ သက်ကြီးရွယ်အိုတွေ။ အဲ့ဒီမှာ ဘာတွေဖြစ်သွားလဲ ဆိုလို့ရှိရင် အိပ်မပျော်တာတွေလည်း ဖြစ်တယ်။ သူတို့ခါကျတော့ စိတ်ပိုင်းဆိုင်ရာ တချို့ခါကျတော့လည်း သားတွေက ရှေ့တန်းတက်ရင်းနဲ့ကျသွားတာပေါ့နော။ အသက် ၁၇၊ ၁၈ ၊ ၂၀ အဲ့ဒီအရွယ်တွေနဲ့ ကျသွားတာလည်း ရှိတယ်။ တချို့အမျိုးသမီးတွေခါကျတော့ အမျိုးသားတွေ တိုက်ပွဲကြားကနေ ကျသွားတာပေါ့နော။ အဲ့ဒီမှာ ကလေးနှစ်ယောက်၊ ကလေးသုံးယောက်နဲ့ ကျန်ခဲ့တဲ့ မိခင်တွေလည်း သုံးလေးယောက်လောက်ရှိတယ်။ “ လို့ စစ်ရှောင်တစ်ဦး ဖြစ်တဲ့ ဗင်ဇင်းရှာ က ပြောပါတယ်။
စစ်ရှောင်တွေဆီ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုက်ပေးခဲ့တဲ့ နေရာမှာ စစ်ရှောင် ၁၀၀ ဦးမှာအနည်းဆုံး ၅၀ ဦးလောက်ဟာ စိတ်ဖိစီးမှု ခံစားနေကြတာတွေရှိတယ်လို့ CDMသူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ Karenni Nurses Association မှ တာဝန်ရှိသူ ဆရာမ တစ်ဦးက ပြောပြပါတယ်။
စစ်ရှောင်တွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်နေကြရတဲ့ အနေအထားဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပါသတ်သက်ပြီး ကုစားနိုင်ဖို့ကို အားနည်းနေသေးတယ်လို့ ဆက်ပြောပါတယ်။
“ ကျန်းမာရေးပိုင်းဆိုင်ရာတော့ ခဏက ပြောသလိုပေါ့နော။ Mental Healthပေါ့နော ကျန်းမာရေးကို လုပ်ပေးနိုင်မယ့် Trainerတွေကောင်းကောင်း ရှိဖို့ လိုတယ်ပေါ့နော။ ဆရာမတွေရှိမယ်။ ကျန်းမာရေး လုပ်သားတွေ ထွက်လာပြီဆိုရင် အနည်းနဲ့ အများတော့ ဒီထိခိုက်မှုတွေ မရှိနိုင်တော့ဘူး။ ကျနော်မြင်တယ်ပေါ့နော။ ဒါပေမယ့် စားရေးသောက်ရေး၊ ကျန်းမာရေးကို ကျနော်တို့ က အလေးသွားထားတဲ့အတွက်ကြောင့်မလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေမှာတော့ ကျနော်တို့ မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ဒီဟာတွေက အရေးကြီးတယ်ဆိုတာ ကျန်းမာရေး လုပ်သားတွေသိတယ်။ ဝိုင်းပြီးတော့မှလည်း တစ်နိုင်တစ်ပိုင်တော့ ဝိုင်းလုပ်ကြတယ်ပေါ့။ “ လို့ KNA တာဝန်ရှိသူ ဆရာမ တစ်ဦးက ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေကို အသိပညာပေးတာ၊ အားပေးနှစ်သိမ့်တာတွေကို တွင်တွင်ကျယ်ကျယ် မဆောင်ရွက်နိုင်သေးသလို၊ တစ်စိုက်မတ်မတ် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ မရှိကြသေးပါဘူး။
“ ဘာဖြစ်လို့မပျော်လည်းဆိုတော့ အိမ်နဲ့ခွဲရတာပေါ့။ အိမ်နဲ့အဝေးမာနေရတယ် တောထဲမာနေနေရတယ်။ နောက်သားသမီးတွေကလည်း နေရ ထိုင်ရ ကိုယ့်အိမ်လိုမျိုးအဆင်မပြေဘူးပေါ့။ နောက်ဒီကြားထဲမာ အိမ်ကလည်း မီးလောင်သွားတယ်။ ဝင်ငွေကလည်းမရှိတဲ့ အခါကြတော့ အမျိုးမျိုးပေါ့ ဒါကြောင့်မို့စိတ်ကမပျော်ရွှင်ဘူး။ “ လို့ ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်နေတဲ့ ဒေါ် နွယ်နွယ်လှိုင်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကနေပြီး နေ့စဉ်ရက်ဆက် ပြည်သူတွေရှိနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်းနဲ့ လာရောက် တိုက်ခိုက်တာတွေ ကြောင့်လည်း ပြည်သူလူထုတွေဆီ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပိုများလာကြတယ်လို့ လည်း စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသူ ၂သိန်း ဝန်းကျင်ရှိနေပြီး ၆၀ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့ များကွန်ယက်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုထားတာ ရှိပါတယ်။