ပုသိမ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံ ၃၀ နီးပါး ဖမ်းခံရ

ပုသိမ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒေသခံ ၃၀ နီးပါး ဖမ်းခံရ
ငရုတ်ကောင်းမြို့တွင် မေလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက မြို့အဝင်ဂိတ်နှင့် လမ်းဝတို့တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓါတ်ပုံ - Crd.)
ငရုတ်ကောင်းမြို့တွင် မေလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက မြို့အဝင်ဂိတ်နှင့် လမ်းဝတို့တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓါတ်ပုံ - Crd.)

ဧရာဝတီတိုင်း၊ ပုသိမ်တွင် စစ်ကောင်စီတပ် နှင့် ဒေသခံ PDF တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့ ၃ မြို့ က အမျိုးသမီးများအပါအဝင် ဒေသခံစုစုပေါင်း ၂၇ ဦးကို စစ်တပ် က ဖမ်း ဆီးထားသည်ဟု သိရသည်။

ပုသိမ် ခရိုင်၊ ငရုတ်ကောင်းမြို့အနီး ကညင်တောင်တွင် တိုက်ပွဲဖြစ်ပွားပြီး နောက် ၄ ရက်အတွင်း စစ်ကောင်စီတပ်က ငရုတ်ကောင်းမြို့၊ ချောင်းသာမြို့ နှင့် ပုသိမ်မြို့ တို့တွင် ပြည်သူများအား လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူတို့ဖမ်းထားတဲ့ သူတွေက တောထဲ တောင်ထဲ မီးသွေးဖုတ် သစ်ခုတ်ဝါးခုတ်တဲ့ သူတွေပါတယ်။ အမဲလိုက်တဲ့ သူတွေလည်းပါတယ်” ဟု ငရုတ်ကောင်းမြို့ခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် နှင့် ဒေသခံ PDF တို့ ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ပွဲဖြစ် ပွားပြီးနောက်ရက် ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ ၄ ရက်တာအတွင်း အပြစ်မဲ့ပြည်သူ များ ကို စစ်တပ်က လိုက်လံဖမ်းဆီးသွားခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် အနီးဆုံးဖြစ်သည့် ငရုတ်ကောင်းမြို့ပေါ် နှင့် ၎င်းဒေသအတွင်းရှိ နံသာပု၊ စမ်း ချောင်း၊ ဆင်ငံ၊ ကြွေချိုင်ကျေးရွာတို့မှ အမျိုးသမီး ၅ ဦး အပါအဝင် ဒေသခံ ၁၅ ဦး သည် ဇွန်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည် ဟု သိရသည်။

ထို့အပြင် ဇွန်လ ၁၄ ရက်နေ့က ချောင်းသာမြို့မရပ်ကွက်နေ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ အမျိုးသား ၁ ဦး နှင့် လူငယ် ၂ ဦး၊ ချောင်းသာတစ်ဘက်ကမ်း ကံကြီးကျေးရွာမှ ကရင်တိုင်းရင်းသား ၅ ဦး တို့ကိုလည်း စစ်တပ်က ဖမ်းဆီးသွားသည်ဟု ချောင်းသာဒေသခံများက ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ ညကလည်း ပုသိမ်မြို့အဝင် ကိုးဆူကျေးရွာ ဂိတ်တွင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဆိုင် ကယ်စီးလာသည့် လူငယ် ၄ ဦးကို  စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု ကိုးဆူ ရွာခံများ၏ ပြောပြ ချက်များအရ သိရသည်။

“သတင်းရလို့ထင်တယ် စစ်တပ်ရော ရဲရော အရပ်ဝတ် သေနတ်ကိုင်တွေရော ပိတ်ပြီးစောင့်ဖမ်းတာဗျ” ဟု မျက် မြင်တွေ့ရှိသူတစ်ဦး က ပြောသည်။

ထိုလူငယ်အဖွဲ့က အဖမ်းမခံပဲ ပြန်လှန်ပစ်ခတ်ခဲ့ကြသဖြင့် လူငယ်တစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိပြီး တစ်ဦး   က ဝမ်းဗိုက်တွင် ဒဏ်ရာရရှိကာ အဖမ်းခံလိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူက ဆက်ပြောသည်။

ငရုတ်ကောင်းမြို့၊ စမ်းချောင်းအဖျား နှင့်ဆင်ငံကျေးရွာ အကြား ကညင်တောင်တွင် ဇွန်လ ၁၃ ရက်နေ့ နံနက် ပိုင်းတွင်လည်း စစ်ကောင်စီတပ် နှင့် ဒေသခံ PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ သေးသည်။

အဆိုပါ တိုက်ပွဲတွင် AK 47 တစ်လက်၊ လုပ် သေနတ်တစ်လက်နှင့် ကျည်မျိုးစုံ ၊ လက်လုပ်မိုင်းများ သိမ်းဆည်း ရမိကာ PDF တစ်ဦးကို အသေဖမ်းမိခဲ့သည်ဟု စစ်ကောင်စီကို ထောက်ခံသူအချို့နှင့် စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် စစ်တပ်၊ ပျူစောထီး၊ ရဲ နှင့် စစ်မှုထမ်းဟောင်းများ ပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့အင်အား ၃၀၀ ကျော်သည် ငရုတ်ကောင်းမြို့၊ ဘုန်းကြီးကျောင်း နှင့် ကျေးရွာများတွင် တပ်စွဲကာ PDF များကို  တောနင်းရှာဖွေ နေသည်ဟု ဒေသခံများက ဆိုသည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...