အငြိမ်းစားမြန်မာစာကထိက ဆရာမတဦး နေအိမ်တွင်သတ်ခံရမှုက နိုင်ငံတဝှမ်း ဥပဒေ စိုးမိုးမှု နည်းပါးနေခြင်းကို မီးမောင်းထိုးပြနေခဲ့သည်။
နိုင်ငံတဝှမ်းတွင် ဖြစ်ပေါ်နေသည့် နေအိမ်များအတွင်း ဝင်ရောက်လုယက်ခြင်းနှင့် အိမ်ရှင်များကို အန္တရာယ်ပေးနေခြင်းများသည် တရား ဥပဒေ စိုးမိုးမှု မရှိတော့သည့် အနေအထားများကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့နေ ပြည်သူလူထုများက ပြောသည်။
မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ နေအိမ်တွင် ရန်ကင်းပညာရေးကောလိပ်မှ တက္ကသိုလ် အငြိမ်းစားဆရာမကြီးတစ်ဦး ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် အသတ်ခံရခြင်းဟု ယူဆရသည့် လက်ကို ဖုန်း အားသွင်းကြိုးဖြင့် တုပ်ကာသတ်သွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်တွင်နေထိုင်သူများ က ပြောသည်။
ရပ်ကွက်အတွင်းက မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက “မျက်လုံး နှစ်ဖက်လုံး ဖူးရောင်နေတယ်၊ ဘယ်ဘက် မျက် ခုံးအောက် ထိုးသွင်းဒဏ်ရာချက်တွေရတယ်” ဟု ပြောသည်။
အသတ်ခံရသူသည် မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ နှစ်ဖြစ်ပြီး နေအိမ် အိပ်ခန်း ခုတင် ဘေး ကြမ်းခင်းတွင် ဘေးတစ်စောင်း ဒူးကွေးအနေအထားဖြင့် လက်နှစ်ဖက်ကိုလည်း ဖုန်းအားသွင်းကြိုး ဖြင့် ချည်ခံထားရသည်ဟု သိရသည်။
ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများအပြင် နိုင်ငံတဝှမ်းက မြို့များတွင် လုယက်မှု၊ ခိုးမှု၊ ဓါးထောက်၍ ဆိုင် ကယ်၊ ကားများအား လုယက်ခြင်းများအပြင် နေအိမ်များအတွင်း ဝင်ရောက်ခိုးယူခြင်း၊ ထိုသို့ပြုစဉ် အိမ်ရှင် များက ပြန်လည်ခုခံပါက အန္တရာယ်ပေးခြင်းများ၊ ဓါးစာခံအဖြစ်ဖမ်းဆီးပြီး ငွေညှစ်မှုများလည်း ဖြစ်ပွားနေ သည်ဟု ပြည်သူများက ပြောသည်။
ထိုသို့သော အခြေအနေများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ဒေသအတွင်းရှိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများသည် တရားခံများအား ဖမ်းဆီးရမိခြင်း၊ အရေးယူဆောင်ရွက်ပေးခြင်းများ မရှိဘူးဟု မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခု သူခိုးတို့၊ လာလုမယ့်လူတို့လည်း ကြောက်ရတယ်။ စစ်တပ်လာလည်း ကြောက်ရတယ်။ ညအချိန်မတော် မပြောနဲ့ နေ့ခင်းနေ့ဘက်တောင် အိမ်တံခါးလာခေါက်ရင် မဖွင့်ရဲတော့ဘူး။ လူတွေကလည်း အလုပ်အကိုင် အဆင်မပြေကြတော့လို့လားမသိဘူး ခိုးမယ်၊ လုမယ်ဆိုတာကြီးပဲ။ အပြင်ထွက်လည်း ဓါးထောက်ပြီး တောင်း တာတွေ ရှိတယ် အဲ့မျိုးဆို အစ်မတို့က ဘယ်သူ့သွား အားကိုးရမလဲနော်။ အခုက တစ်ခုခုဖြစ်တောင် ဘယ်တိုင် လို့ တိုင်ရမှန်းမသိဘူး။ အိမ်နီးချင်းတွေ မကောင်းရင် သွားပြီ။ အိမ်နီးချင်းပဲ အားကိုးနေရတာ” ဟု ပြောသည်။
မည်သည့်အကြောင်းအရာကြောင့် ဆရာမကြီး သတ်ဖြတ်ခံရသည်ကို မသိရသေးသော်လည်း နေအိမ်အတွင်းရှိ laptop ကွန်ပျုတာ တစ်လုံး နှင့် ဖုန်းတစ်လုံးပျောက်ဆုံးနေသည်ဟု နီးစပ်သူများက ပြောသည်။ ထို့အပြင် အခြား ပစ္စည်းများ ပျောက်ဆုံးမှုရှိမရှိ နှင့် နေအိမ်အတွင်း ထူးခြားမှုများကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်သည် ဟု သိရ သည်။
အငြိမ်းစားဆရာမကြီး ဒေါ်ညွန့်ညွန့်စိန် သည် တိုက်အမှတ် (၃၀၁/ခ)၊ ပထမလွှာ၊ အခန်းအမှတ် (ခ/၁၂) တွင် တစ်ဦးတည်းနေထိုင်သူဖြစ်သည် ဟု သိရသည်။
ဆရာမကြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ထားပြီး အမှုကို အနောက်ပိုင် ခရိုင် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု ဆိုသည်။
ရန်ကုန်၊မန္တလေးအပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးအတော်တော်များတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်များအတွင်း ဝင်ရောက်လုယက်ခြင်း၊ အိမ်ရှင်များကို အန္တရာယ်ပေးခြင်း၊ အုပ်စုဖွဲ့ လူသတ်ခြင်း၊ လမ်းမ ပေါ်တွင် ရိုက်နှက်ပြီး ပစ္စည်းလုယက်ခြင်း စသည့် ကတရားဥပဒေစိုးမိုးမှုမရှိသည့် အခြေအနေများ တနေ့ တခြား ပိုမိုများပြားလာနေသည်။