အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ကယန်း အမျိုးသားပညာရေး ဘုတ်အဖွဲ့တို့ ကယန်းဒေသအတွင်း ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်ရန်အတွက် သဘောထားကွဲလွဲမှုအချို့ ရှိနေသည်ဟု ကယန်းဒေသက ကိုယ်ထူကိုယ်ထ ကျောင်းဆရာ/မများက ပြောသည်။
သဘောထားကွဲလွဲရခြင်းမှာ NUG အစိုးရက CDM ဆရာ/မများ အတွက် လစာပေးရန် အခက်အခဲ ရှိနေခြင်းနှင့် ကယန်းပညာရေး ဘုတ်အဖွဲ့ကလည်း NUG နှင့် ယခုအချိန်ထိ တရားဝင် ချိတ်ဆက်မှု မရှိခြင်းတို့ကြောင့် ဖြစ် သည်ဟု CDM လုပ်ထားသည့် ကိုယ်ထူကိုယ်ကျောင်းတွင် သင်ကြားပို့ချမည့် ဆရာ/မများက ပြောသည်။
CDM ဆရာမတစ်ဦး က “CDM ဆရာမ အားလုံးကတော့ NUG ရဲ့ ပညာရေး ဘုတ်အဖွဲ့အောက် ဝင်ချင်ကြတယ်။ ဒါပေမယ့် သူတို့က စည်းရုံးရေးလည်း မဆင်းတတ်ဘူး။ လစာလည်း မထောက်ပံ့နိုင်ဘူး။ စာအုပ်တွေ လိုလာရင် သုံးပုံတစ်ပုံ ထောက်ပံ့ပေးတာပဲ ရှိတယ်။ အဲ့ဒါကြောင့် လစာပိုင်းကတော့ ကယန်းပညာရေး ဘုတ်အဖွဲ့ကနေ ထောက်ပံ့ပေးမယ်ပေါ့။ ပြီးတော့ ကယန်းဘုတ်အဖွဲ့က NUG နဲ့ တရားဝင် ချိတ်ဆက်ထားတာ မရှိဘူး။ ခိုး ကြောင် ခိုးဝှက် တွေ့တာပဲရှိတယ်။ (ဦး)ဇော်ဝေစိုးတို့နဲ့ စကားပြောထားတာလည်း ရှိတယ်ပေါ့။ စကစ ဘက်ကိုကျ တော့ ပြောင်ပြောင်တင်းတင်း ကယန်းဒေသ တိုးတက်ရေးအတွက် လုပ်တာလို့ ပြောထားတယ်။ သူတို့က လှေ နံနှစ်ဖက် နင်းထားတယ်” ဟု ပြောသည်။
ယနေ့ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံပြောဆိုခဲ့ကြရာ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
သဘောထားကွဲလွဲရသည့် နောက်ထပ် ကိစ္စရပ်မှာ ဖယ်ခုံမြို့နယ်က ရှမ်းပြည်နယ်ထဲ ပါဝင် နေသောကြောင့် ကရင်နီ CDM ဆရာ/မများက ကရင်နီပြည်နယ်ထဲတွင်ရှိသည့် NUG ပညာရေး ဘုတ်အဖွဲ့ လက် အောက် ခိုဝင်လိုကြခြင်းကြောင့်လည်း ဖြစ်သည်ဟု သိရသည်။
ကယန်းဒေသမှ CDM ဆရာမ တစ်ဦးက “ကယန်းဘက်ကိုတော့ တော်တော်များများ ပါသွားမယ်ပေါ့။ နှစ်ဆယ် မှာ ခုနှစ်ယောက်နီးပါး ပါမယ်။ တစ်ဝက်နီး ပါးကို ပါမယ်။ ကျန်တဲ့ သူတွေကတော့ ကရင်နီဒေသရဲ့ NUG လက် အောက် ဝင်ကြမှာပေါ့။ တချို့ကလည်း ကယန်းဘက်ကို ပြောင်းချင်တယ်။ ဒါပေမယ့် တဖက်မှာလည်း NUG မှာ နာမည်စာရင်းသွင်းပြီးသား ဖြစ်နေတော့ နှစ်ကုန်မှပဲ ပြောင်းမယ်ပြောတယ်” ဟု ဆက် ပြောသည်။
ယမန်နှစ်ကလည်း NUG ပညာရေး ဘုတ်အဖွဲ့မှ ဆရာ/မများ၏ လစာများနှင့် ကျောင်းအသုံးစရိတ်များကို ထောက်ပံ့မှု မပေးနိုင်သောကြောင့် ကျောင်းသားများထံမှ သက်ဆိုင်ရာ အတန်းအလိုက် ၃၀၀၀၊ ၅၀၀၀၊ ၇၀၀ ဟူ၍ လစဉ်ကျောင်းစရိတ် ကောက်ခံပြီး ကျောင်းအသုံးစရိတ်နှင့် သင်ထောက်ကူ ပစ္စည်းများ ဝယ်ခြမ်းခဲ့ရ ကြောင်း သိရသည်။
ထိုသို့ ကျောင်းစရိတ်များ အသုံးပြုပြီး ပိုလျှံမှသာလျှင် ဆရာ/မများအား လစာ ငါးသောင်းကျပ် ပေးခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။ ထို့ကြောင့် ကယန်းပညာရေး ဘုတ်အဖွဲ့မှ ၎င်းတို့က ကျောင်းသားများထံ လစဉ် ကောက်ခံ မည် မဟုတ်ပဲ ၎င်းတို့ ကိုယ်ပိုင်ငွေဖြင့်သာ ဆရာ/မများအား တစ်သိန်းကျပ် ပေးမည်ဟု ဆိုသည်။
ထို့အပြင် ကယန်းပညာရေး ဘုတ်အဖွဲ့ အနေဖြင့်လည်း NUG ပညာရေး ဘုတ်အဖွဲ့ တာဝန်ယူစဉ်တွင် စစ်ကောင် စီက ကယန်းဒေသအတွင်းသို့ လေယာဉ်များ မကြာခဏ ပျံဝဲ၍ ခြိမ်းခြောက်လာသောကြောင့် ၎င်းတို့ကသာ ဦး စီးဆောင်ရွက်မည်ဟု ပြောဆိုထားခဲ့သည်ဟု သိရသည်။
အလယ်ကယန်းဒေသမှာ ကယန်းပညာရေး ဘုတ်အဖွဲ့ ဦးစီးမှုဖြင့် ဇွန်လ (၉) ရက်နေ့မှစတင်၍ ကျောင်းအပ် လက်ခံပြီးဖြစ်ရာ လာမည့် ဇွန်လ (၁၃) ရက်နေ့တွင် တီးကျိတ်ဇုန်၊ ပီကင်းဇုန်၊ ကျေးကတော့ဇုန် ဟူ၍ ဇုန် (၃) ဇုန် သတ်မှတ်ကာ ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆရာ/မများက ပြောသည်။
ထိုကဲသို့ သတ်မှတ်ထားပြီး ဖြစ်သော်လည်း ၎င်းတို့ နှစ်ဖွဲ့ သဘောထား ကွဲလွဲမှုများကြောင့် တီးကျိတ်ဇုန်မှာ NUG ပညာရေး ဘုတ်အဖွဲ့လက်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ပြင် ကျန်ရှိနေသည့် ဇုန်မှာလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်နေသောကြောင့် ကရင်ပညာရေးဘုတ်အဖွဲ့ လက်အောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်ဟု သိရသည်။ ပီကင်းဇုန် တစ်ခုသာလျှင် ကယန်းပညာရေး ဘုတ်အဖွဲ့လက်အောက် တွင် ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် NUG ပညာရေးဘုတ်အဖွဲ့၏ အစီအစဉ်ကို မသိရသေးသော်လည်း ကယန်း အမျိုးသားပညာရေး ဘုတ်အဖွဲ့မှာ ဖက်ဒရယ် ပညာရေးစနစ်အထိ ရည်ရွယ်ထားပြီး ၎င်းတို့ ကျောင်းမှ သင်ယူပြီးမြောက်သော ကျောင်းသူ/သားများကို ထိုင်းကောလိပ်နှစ်ခုတွင် ဆက်တက်နိုင်ရန် ချိတ်ဆက်ထားသည်ဟု သိရသည်။