ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသများတွင်နေထိုင်ကာ တောတောင်ကိုအမှီပြု၍ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူတို့ကား ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးတို့ပင်ဖြစ်ကြသည်။ ၎င်းတို့မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ဆင်းရဲမွဲတေမှုအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဗဟုသုတကအစ နိမ့်ကျနေကြရသည်။
နိမ့်ကျသည့်ဘဝနှင့် နေထိုင်နေရသည့် မြိုလူမျိုးများ
ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ဒေသနေ မြိုလူမျိုးတို့မှာ အဘက်ဘက်မှ နိမ့်ကျနေမှုကြောင့် မြိုတိုင်းရင်းသားတို့၏အခန်းကဏ္ဍမှာ မှေးမှိန်နေရသည်။ မြို့နှင့်အလှမ်းဝေးသဖြင့် ပညာရေးပိုင်းတွင် ဆရာ၊ဆရာမများ ပုံမှန်မရောက်သည့်အတွက် ကျောင်းနေအရွယ်လူငယ်များမှာ ပညာသင်ယူမှုကို အပြည့်အဝမရှိကြဟုလည်း ဆိုကြသည်။
“စာသင်ဖို့ရောက်လာတဲ့ ဆရာ၊ဆရာမတွေက တစ်ပတ်လောက်ဆိုရင် ကျန်းမာရေးအကြောင်းပြ၊ ဟိုအကြောင်း ဒီအကြောင်းပြပြီး ပြန်သွားကြတယ်။ သူတို့က ကျွန်တော်တို့ဒေသမှာ ပျော်မှမပျော်တာ။ မြို့ပေါ်နဲ့ အလှမ်းလည်းဝေးတယ်။ လူသူလည်းနည်းပါးတယ်။ စားရေးသောက်ရေးဆိုရင်လည်း သူတို့အတွက် အဆင်မပြေဘူး။ ဆိုတော့ ဘယ်ပျော်ပါ့မလဲ။ တစ်လနှစ်လနေမှ ပြန်ကြတာရှိတယ်။ ကလေးတွေပညာရေး ဆုံးရှုံးရတယ်လေ”ဟု ကျောက်တော်မြို့နယ်၊ သိန်းချောင်းကျေးရွာမှ မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးမောင်လှကပြောသည်။
ကျောက်တော်မြို့နယ်အထက်ပိုင်းရှိ ယိုးချောင်း၊ သလူချောင်းတို့တွင်နေထိုင်နေကြသည့် မြိုတိုင်းရင်းသားတို့မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားနေကြရသည်။
ဆက်သွယ်ရေးဖုန်းလိုင်းမရှိခြင်း၊ သွားလာရေးခက်ခဲခြင်းနှင့် အနီးအနားကျေးရွာများတွင်လည်း ဆေးပေးခန်းများမရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် များစွာအခက်အခဲရှိပြီး အသက်သေဆုံးမှုများလည်းကြုံတွေ့ရကြောင်း ၎င်းကျေးရွာသားများက ပြောဆိုကြသည်။
“ကျန်းမာရေးနဲ့ပတ်သက်ရင်လာရင်လည်း ဆေးဝါးနဲ့ အရမ်းဝေးနေရတယ်။ ကိုယ့်မှာရှိတဲ့ ဆေးဝါးတွေနဲ့ ကုသနေထိုင်ရတယ်။ တကယ့်အရေးပေါ်ကျန်းမာရေးကြုံလာရင် မြို့ပေါ်သွားဖို့လည်းအလှမ်းဝေးတာရယ်၊ ငွေကြေးကလည်း မတတ်နိုင်တဲ့အတွက် ဒီလိုပဲအသက်ကို အဆုံးခံလိုက်ရတာတွေကိုလည်း အများကြီးကြုံဖူးခဲ့ပြီ”ဟု ကျောက်တော်မြို့နယ် ဂင်ပိကျေးရွာမှ မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစနီဖြူက ပြောသည်။
တောင်ယာလုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် မြိုတိုင်းရင်းသားတို့မှာ အခြားသူများထက် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်နေခဲ့ကာ အမျိုးသမီးများမှာလည်း ပညာရေးနှင့် ဗဟုသုတအားနည်းခြင်းကြောင့် တောင်ယာလုပ်ငန်းတွင် ဝိုင်းကူလုပ်ကိုင်ကြရသည်။
ယင်းသို့နိမ့်ကျခံဘဝနှင့်ဖြတ်သန်းနေကြရသည့်အထဲ နိုင်ငံရေးရှုပ်ထွေးမှု၊ လက်နက်ကိုင်ပဋိပက္ခများကြားတွင် ရိက္ခာပြတ်တောက်မှုများလည်းဖြစ်လာကာ အနေအထိုင်ကျပ်တည်းမှုများလည်း ကြုံတွေ့လာကြရသည်ဟု ဆိုသည်။
မြိုလူမျိုးတို့၏ သမိုင်းကြောင်း
မြိုလူမျိုးတို့သည် ရှေးကျသောလူမျိုးတစ်မျိုးဖြစ်ပြီး ရခိုင်ပြည်သို့ ရှေးဦးစွာဝင်ရောက်နေထိုင်ခဲ့ကြသော လူမျိုး ဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။ မြိုလူမျိုးများကို မြို၊ မရို၊ မြုံ၊ မရူ၊ မြူ ခေါ်ဝေါ်ပြီး ရခိုင်တို့နှင့် ခေတ်အဆက်ဆက် အတူတကွနေထိုင်လာခဲ့ကြသည်။
ရခိုင်သမိုင်းအရ ဘီစီ ၃၃၂၅ တွင် ရခိုင်တို့၏ပထမဓညဝတီခေတ်ကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို စတင်ခဲ့သည့် မာရယုမင်းသည် မြိုအကြီးအကဲတစ်ဦး၏သမီးနှင့် ထိမ်းမြှားလက်ဆက်ခဲ့ကြောင်း သမိုင်းစာမျက်နှာများ၌ တွေ့နိုင်ပေသည်။
ထိုအကြောင်းကိုပင် ဖဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း အပိုဒ်(၆)တွင် “မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မီတကွ”ဟူ၍လည်း စပ်ဆိုထားသည်။
မြိုတိုင်းရင်းသားများမှာ တခြားတိုင်းရင်းသားများကဲ့သို့ သီးခြားဘာသာစကား၊ ယဉ်ကျေးမှု၊ ဂီတ၊ ဓလေ့ထုံးတမ်းများရှိသည်။ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အညီ ဝတ်စားဆင်ယင်မှုမှာလည်း ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများကို ဝတ်ဆင်လာခဲ့ကြသည်။ ဘုရားမပွင့်မီကာလ၌ မိရိုးဖလာ နတ်ကိုးကယ်ခဲ့ကြပြီး ရခိုင်ပြည်သို့ ဘုရားရှင်ကိုယ်တော်ကြွရောက်ခဲ့သည့် အချိန်မှစ၍ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကာ ခရစ္စယာန်ဘာသာကိုးကွယ်သူ အနည်းငယ်ရှိသည်။
မြိုတိုင်းရင်းသားများသည် ဘင်္ဂလားအရှေ့ဖက် စစ်တကောင်းဒေသ၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့၌ ပြန့်ကြဲနေထိုင်လျက်ရှိကြသည်။
ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စမ်းပတီချောင်း ဒေသတို့အပြင် ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် အဓိကနေထိုင်ကြကာ လူဦးရေသောင်းဂဏန်းသာ ကျန်ရှိတော့ပြီဖြစ်ကြောင်း သိရသည်။
နယ်မြေသစ် ရှာဖွေခြင်း
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်နယ်အတွင်း အခြေချရန် ၂၀၁၅ ခုနှစ်မှ စတင်ကြိုးပမ်းလာခဲ့သည်။
၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ရခိုင်ပြည်နယ်ထဲတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်အထက်ပိုင်းရှိ ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှ မြိုအပါအဝင် အခြားတိုင်းရင်းသားတို့မှာ စတင်စစ်ဘေးရှောင်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်းပိုင်းမှ ၂၀၁၉ ခု နှစ်ကုန်ပိုင်းအထိဖြစ်ပွားခဲ့သော ၂ နှစ်တာတိုက်ပွဲအတွင်း စစ်ဘေးရှောင်ခဲ့ရသည့်အထဲတွင်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်တို့မှ မြို့တိုင်းရင်းသားလည်း ပါဝင်ခဲ့သည်။
လတ်တလော သေနတ်သံများငြိမ်သက်နေမှုကြောင့် စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်ကြသော်လည်း စစ်ဘေးရှောင်လာကြသည့် မြိုတိုင်းရင်းသားတို့မှာ ယခင်ကဲ့သို့ အဘက်ဘက်မှဆုံးရှုံးရသည့်ဘဝတွင် မနေချင်တော့၍ မိမိတို့နေရပ်သို့ မပြန်ချင်ကြတော့ပေ။
ယင်းကြောင့် မြို့တိုင်းရင်းသားတို့၏ ကလေးများအနာဂတ် ထွန်းတောက်လာစေရန်နှင့် လူမှုအသိုင်းအဝိုင်းကြားတွင် နေရာရလာစေရန် အခြေချနေထိုင်မည့် နေရာသစ်ကို ရှာဖွေခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ရှေးလူကြီးတွေကမစွမ်းဆောင်ခဲ့လို့ ကျွန်တော်တို့ အခုမျက်စိပိတ်၊ နားပိတ်ဘဝနဲ့နေထိုင် လာခဲ့ရတယ်။ ကျွန်တော်တို့ ကိုယ့်ဒေသကိုပြန်သွားရင်လည်း မတိုးတက်၊ မထူးခြားတဲ့ဘဝနဲ့ ဆက်ပြီးနေထိုင်ရမှာပဲ။ အဲဒါကိုမြင်တွေ့ရလို့ ကျွန်တော်တို့လူမျိုး တိုးတက်ဖို့၊ လူမှုရေး၊ ဗဟုသုတတိုးတက်ဖို့ ရွေးချယ်ခဲ့တာ။ အခု အသစ်ရှာထားတဲ့နေရာမှာ နေထိုင်ဖြစ်ရင် ကလေးတွေပညာရေးရော၊ ကျန်းမာရေးရော၊ ဆက်သွယ်ရေးက အစစအရာရာအဆင်ပြေမှာ”ဟု သိန်းချောင်းကျေးရွာမှ မြို့တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးမောင်လှကပြောသည်။
ထိုသို့ နေရာသစ်ရှာဖွေနေသည့် မြိုတိုင်းရင်းသားတို့အတွက် မောင်တောမြို့နယ်တောင်ပိုင်း မယူတောင်တန်းအဆုံး ကျောက်ပန်းတူကျေးရွာနှင့်မနီးမဝေး ကားလမ်းမအနီးရှိ မြေလွတ်တစ်နေရာတွင် ပြည်နယ်စစ်ကောင်စီမှ နေရာချပေးထားကြောင်းသိရသည်။
အဆိုပါနေရာသစ်တွင် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဆင်းရဲနွမ်းပါးသည့် မြိုတိုင်းရင်းသားများနေထိုင်ကြမည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင် ပေ ၈၀ ပတ်လည် အိမ်ယာမြေတစ်ကွက်နှင့် လုပ်ကိုင်စားသောက်ရန် လယ် ၂ ဧကရရှိကြောင်း ထိုနေရာတွင်နေထိုင်မည့် သူများထံမှ သိရသည်။
ကျောက်တော်မြို့နယ် ဂင်ပိကျေးရွာမှ မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးရွှေသန်းမောင်က “ကိုယ့်နေရာကို ပြန်ရင်လည်း အရင်လိုအခက်အခဲဒုက္ခတွေကို ကြုံရမှာပဲ။ နေရာကလည်းခေါင်တယ်။ ဖုန်းလိုင်းလည်းမရ။ မရှိဆင်းရဲသားတစ်ယောက်အနေနဲ့ ငွေ ၈ သိန်း ၉သိန်းအကုန်ခံလို့တောင်မှ သားသမီး ပညာမတတ်မြောက်နိုင်ဘူး။ ဒါကြောင့် ဒီအခက်အခဲတွေက ရုန်းထွက်နိုင်မလားဆိုပြီး နေရာသစ်မှာ အခြေချတော့မယ်လို့ ဆုံးဖြတ်လိုက်တာ”ဟု ပြောသည်။
မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၆၀ စု၊ လူဦးရေ ၈၆၇ ဦးတို့မှာ ယခုနေရာသစ်တွင်နေထိုင်ရန် စာရင်းပေးထားကြပြီး လတ်တလောတွင် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၇၀ ကျော် စတင်နေထိုင်နေပြီလည်းဖြစ်သည်။
“ကျွန်တော်တို့ဘဝ လုံခြုံမှုလည်းရှိမယ်။ ဖုန်းလိုင်းလည်းရမယ်။ အရင်လို ပင်ပန်းခံပြီး တောတောင်ကိုသွားစရာ မလိုတော့ဘူး။ ကျန်းမာရေးရော၊ ပညာရေးကို လက်လှမ်းမီတယ်။ ဒါမှ ကျွန်တော်တို့လူမျိုး အနာဂတ် မျိုးဆက်သစ်တွေရဲ့ဘဝတွေလည်း ထွန်းလင်းလာမယ်”ဟု ဦးမောင်လှကပြောသည်။
မည်သို့ပင်ဆိုစေကာမူ မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသစ်၊မြေသစ်ရှာဖွေခဲ့ကြသည့် မြိုတိုင်းရင်းသားများသည် နှစ်ပေါင်းများစွာစိန်ခေါ်မှုများနှင့်နေထိုင်ခဲ့ရသော ဒုက္ခဆင်းရဲမှလွတ်ကင်းပြီး သူတို့၏ အနာဂတ်ဘဝ ရောင်နီသာသောနေ့သစ်ကို ရောက်တော့မည်ဟု မျှော်လင့်နေကြသည်။
အောင်ထိန်-ရေးသည်