ကလေးတောင်ပိုင်းမှာ PDF တွေက ရွာတွေကို ဒုက္ခပေးနေတယ် ဆိုတဲ့ သတင်းမှားဖြန့်

ကလေးတောင်ပိုင်းမှာ PDF တွေက ရွာတွေကို ဒုက္ခပေးနေတယ် ဆိုတဲ့ သတင်းမှားဖြန့်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း‌ဒေသကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေက ရွာတွေကို ဒုက္ခ ပေးနေတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေတယ်ဆိုတဲ့ သတင်းတစ်ခုကို ဝေယံထက်ဆိုသူ Facebook အ ကောင့်ပိုင်ရှင်က  ဓာတ်ပုံတစ်ပုံနဲ့အတူ မတ်လ ၂၆ ရက်နေ့မှာ ရေးတင်ထားကို တွေ့ရပါတယ်။

ဝေယံထက်ဆိုသူ အကောင့်ပိုင်ရှင်က “စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း‌ဒေသကို PDF အဖွဲ့တွေ တစ်ရွာ ဝင်တစ်ရွာထွက်ဒုက္ခပေးသောကြောင့်ဒေသခံများအခက်တွေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ရေးသား ထားပါ တယ်။

ဝေယံထက်က “စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း‌ဒေသကို PDF   အဖွဲ့တွေတစ်ရွာဝင်တစ်ရွာထွက် ဒုက္ခ ပေးသောကြောင့် ဒေသခံများအခက်တွေ့နေတယ်သိရ။ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေး ဖို့ဆို ပြီးရွာထဲကို ဝင်လာကြတယ်။ ပြီးတော့ တစ်အိမ်ထောင်ကို ၅ သောင်းကျပ်နဲ့ထောက်ပံ့ရမယ် ဆိုပြီးတောင်းတယ် ပြည်သူ့ကာကွယ်ရေး ရံပုံငွေဆိုပြီးတော့ မပေးရင် ဒလန်လို့သတ်မှတ်ပြီးတော့ဖမ်းတယ်။ မရှိမဲ့ရှိမဲ့ထဲက ပေးနေ ကြရတယ်လို့ သိရပါတယ်။ အခုဆိုရင် PDF တွေ ဝင်လာတိုင်း တိုက်ပွဲဖြစ် တိုက်ပွဲဖြစ်တော့ ရွာလုံးကျွတ်တွေ ပြေး ကြရတယ်။ နေရထိုင်ရတာ အဆင်မပြေပါဘူးလို့ ကလေးမြို့နယ်ထဲက ပြည်သူတစ်ဦးမှ ရင်ဖွင့်လာပါတယ်။ ဖြစ် နိုင်ရင် စစ်တပ်နဲ့ရွာပြင်မှာချကြပါပေါ့ ရွာထဲမှာတိုက်ပွဲမဖန်တီးပါနဲ့လို့ပြောလာပါတယ်” ( မူရင်း အရေးအသား အတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

အဲဒီ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ People's Defence Force – Kalay က ကလေးမြို့နယ် တောင်ပိုင်း ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေ လုံခြုံရေး ဂရုစိုက်ကြဖို့ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ သတိ ပေး ထုတ်ပြန်စာမှာ ပါတဲ့ ဓာတ်ပုံကို ဝေယံထက် ဆိုသူက ယူသုံးပြီး စာကို လိုသလို လိမ်ညာ ဝါဒဖြန့် ရေးသား ထားလို့ပဲ ဖြစ်ပါတယ်။

People's Defence Force – Kalay က  “ကလေးမြို့နယ်တောင်ပိုင်း‌ဒေသကို အကြမ်းဖက်စစ်ကောင်စီက အဆက် မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့်စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန် လျက်ရှိပါသည်။ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် PDF (Kalay) တပ်ဖွဲ့ ဝင်များအနေဖြင့် မိမိတွင်ရှိသော လက်နက်ခဲယမ်း အနည်းငယ်ဖြင့် အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန် ရင်ဆိုင်ခုခံကာ တိုက် ပွဲဝင်လျက်ရှိပါသည်။ စစ်ရေးအခြေအနေများဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရာ ရှိသောကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေးအထူးဂရုပြုကာ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်” ဆိုပြီး ပြည်သူတွေကို သတိပေးထားတာကို တွေ့ရပါတယ်။

People's Defence Force – Kalay က ပြည်သူတွေကို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတိပေး ထုတ်ပြန်ထား တဲ့ ထုတ်ပြန်စာကို ဒီမှာ https://bit.ly/3qGiGI8 ဝင်ကြည့်နိုင်ပါတယ်။

ဒါ့အပြင် ဝေယံထက် ဆိုသူရဲ့ အရေးအသားတွေဟာ People's Defence Force – Kalay ကို ပြည်သူတွေ အထင် အမြင်မှားအောင်၊ ထိခိုက်နစ်နာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မမှန်ကန်တဲ့ အချက်အလက်တွေကို ထည့်သွင်းကာ တမင်သက်သက် လိမ်ညာ ဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်မှု တစ်ခုဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက် စိစစ်ချက်အရ ဝေယံထက် ဆိုသူက People's Defence Force – Kalay ရဲ့ ဓာတ်ပုံကို ယူ သုံးပြီး ဓာတ်ပုံနဲ့အတူ ပြည်သူတွေကို သတိပေး ထုတ်ပြန်ထားတဲ့ စာကိုလည်း လိုသလို ပြန်လည်ပြုပြင် ရေးသား ထားတဲ့အတွက် သတင်းအမှား ဖြစ်တယ် ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ဝေယံထက် ဆိုသူ တင်ထားတဲ့ သတင်းအမှားကို တပ်မတော်ထောက်ခံသူတွေရဲ့ Facebook စာမျက်နှာတွေ၊ Group တွေထဲမှာ ထပ်ဆင့် ဖြန့်ဝေနေတာတွေ တွေ့ရသလို တစ်ဦးတစ်ယောက်ချင်းအနေနဲ့လည်း တော်တော် များများက ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ် မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေး သားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...