CDM နဲ့ ချင်းပြည်နယ် အစိုးရလုပ်ငန်းယန္တယား

CDM နဲ့ ချင်းပြည်နယ် အစိုးရလုပ်ငန်းယန္တယား

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) ပါဝင်ရာကနေ လုပ်ငန်းခွင် ဝင်ရောက်တဲ့ Non CDM များလာပေမယ့် စစ်ကောင်စီအုပ်ချုပ်မှု လက်အောက်က အစိုးရလုပ်ငန်း ယန္တရားတွေ အလုံးစုံလည်ပတ်နိုင်တာမျိုးလုံးဝ ချင်းပြည်နယ်တွင် မရှိသေးပါဘူး။

ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကျော်သံနဲ့အတူ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်လှုပ်ရှားခဲ့တဲ့အထဲ Civil Disobedience Movement (CDM) အစိုးရဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ စစ်ကောင်စီ.ရဲ့ မမျော်လင့်ခဲ့တဲ့ လူထုလှုပ်ရှားမှု တစ်ခုဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတစ်ရပ်အတွက် အရေးပါတဲ့ အဓိက ယန္တရားတွေထဲက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အစောဆုံးစတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ နောက်ပိုင်း ပညာရေးဝန်ထမ်းတွေနဲ့ တခြားဌာနဆိုင်ရာ ပုဂ္ဂလိက စတဲ့ ကဏ္ဍပေါင်းစုံက ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါလာပါတယ်။

ချင်းပြည်နယ်က အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ အင်နဲ့အားနဲ့ ပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင် ပြည်နယ်အလိုက် CDM ပြုလုပ်မှု လူဦးရေ စာရင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၅၅၃၂ ၊ ကယားပြည်နယ်တွင် ၇၀၀၀၊ ကရင်ပြည်နယ်တွင် ၁၀၀၀၀ ၊ မွန်ပြည်နယ်တွင် ၇၀၀၀ ၊ ရှမ်းပြည်နယ်တွင် ၈၅၁၁ ဦးဖြစ်ပြီး ချင်းပြည်နယ်တွင် ၁၄၅၉၁ ဦး ဖြစ်ပြီး လူဦးရေအနည်းပါးဆုံး ပြည်နယ်ထဲမှ CDM ပြုလုပ်မှု အများဆုံး ပြည်နယ် တစ်ခုဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ၇၀၀ ကျော်၊ ထန်တလန်မြို့တွင် ၁၄၀၀ ကျော်၊ ဟားခါးမြို့တွင် ၂၉၅၄ ဦး၊ မင်းတပ်မြို့တွင် ၂၇၀၀ ကျော်၊ ပလက်ဝမြို့တွင် ၁၄၆ ဦး တွန်းဇံမြို့တွင် ၇၇၄ ဦး၊ ဖလမ်းမြို့တွင် ၁၉၈၀ ဦး၊ မတူပီမြို့တွင် ၁၆၃၀ ဦးရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦး က CDM ပြုလုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်း စုစုပေါင်း ၂၀၀၀၀ ကျော်ရှိသည့်အနက် ၁၄၀၀၀ ကျော်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့တွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် အထိရှိခဲ့ပါတယ်။

CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် လုပ်ငန်းပြန်ဝင်တဲ့ ဝန်းထမ်းများလည်းရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လအထိ လုပ်ငန်းခွင်ပြန်ဝင်တဲ့ ရာခိုင်နှုန်းဟာ ၆၀ ရာခိုင်နှုန်းအထိရှိတယ်လို့ CDM စာရင်းပြုစုသူ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကဆိုပါတယ်။

CDM ဝန်ထမ်းအချို့ကလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းအစိုးရကို လက်နက်ကိုင်ပြီး တွန်းလှန် တိုက်ခိုက်နေကြပါတယ်။

CDM ဝန်ထမ်းအများစုက နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်ကြတာမျိုး ရှိသလို အချို့က နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြပြီလဲဖြစ်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ဖို့ အခက်ခဲရှိတဲ့သူတွေကလည်း ပြည်တွင်းမှာ ရရာအလုပ်လုပ်ကိုင်ပြီး ခက်ခက်ခဲခဲ နေထိုင်ကြရပါတယ်။

အချို့CDM ဝန်ထမ်းတွေကလည်း ၎င်းတို့နေထိုင်ရာ မြို့ရွာ အခြေအနေ မိမိအသက်လုံခြုံရေး အရ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်နေကြတာတွေလည်း များစွာရှိကြပါတယ်။

CDM ဝန်ထမ်းအချို့က လုံခြုံရေးအရ ချင်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာတွေ ရှိသလို အချို့က တိုက်ပွဲတွေကြောင့် တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေလည်း ရှိပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဖက်က အလုပ်ဖြုတ်တာတွေ ဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေ ဆက်တိုက်ကြုံတွေ့ရလျက်ရှိနေပါတယ်။

လူငယ်ပိုင်း CDM လုပ်ပြီး ပြင်ပ ကုမ္ပဏီကို အခြားစတဲ့ လုပ်ငန်း ခွင်တွေမှာ ရရာအလုပ်အကိုင်ရှာသော်လည်း လုပ်ငန်းပိုင်ရှင်များက CDM ဝန်ထမ်းများကြောင့် လုပ်ငန်းတွင် အန္တရယ်ကျ မည်ကို စိုးရိမ်တာမျိုး စတာတွေကြောင့် အလုပ်အကိုင် ပေးခြင်းမျိုး မလုပ်ရဲတာမျိုးတွေကို CDM ဝန်ထမ်းအချို့က ကြုံတွေ့ကြရပါတယ်။

ဝန်ထမ်း CDM လူငယ်ပိုင်းအများအစုက နိုင်ငံခြားထွက်ခွာပြီး အလုပ်လုပ်ကိုင်ရန် အများစုက ဆုံးဖြတ်ကြပြီး အချို့မှာ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေကြပြီလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၁ နှစ်အကြာမှာ အိမ်ထောင်ရှိ CDM လုပ်ကြသူများသည် အိမ်ထောင်မရှိ သေးသည့် သူများထက် အစစရာရာတွင် အခက်ခဲကြုံတွေ့ကြရပြီး အချို့မှာ စားဝတ်နေရေး ခက်ခဲလွန်းတာတွေ ကြောင့် Non CDM လုပ်ပြီး လုပ်ငန်းခွင် ပြန်ဝင်ကြတာမျိုးတွေ ရှိလာပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေကို အစောပိုင်းက ထောက်ပံ့ပေးတာတွေရှိခဲ့ပေမယ့် ကာလကြာရှည်တာနဲ့ အမျှ ထောက်ပံ့ပေးတာတွေ အားနည်းလာပါတယ်။ အထောက်ပံ့ပေးသူတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေတာတွေကြောင့် CDM လှုပ်ရွားမှုပါဝင်သူတွေ အခက်အခဲတွေကြားက ကိုယ်ထူကိုယ်ထ ရပ်တည်ကြခဲ့ရပါတယ်။

အာဏာသိမ်းပြီး ၁ နှစ် အကြာမှာ CDM လှုပ်ရှားမှုတွင် ၉၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းပြီး လုပ်ငန်းခွင်ပြန်ဝင်တဲ့ အစိုးရ ဝန်ထမ်းတွေ အများအပြား ရှိလာတယ်လို့ ချင်းပြည်နယ်တောင်ပို်င်းတွင် CDM လှုပ်ရှားသူများထဲမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

CDM လှုပ်ရှားမှုတွင် အားအကောင်းဆုံး ဖြစ်တဲ့ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနက ဖြစ်ပြီး လက်ရှိချင်းပြည်နယ် ကျန်းမာရေးဌာနတွင် CDM လှုပ်ရှားမှုမပါဝင်တဲ့ Non CDM များသာ ကျန်ရစ်ဆဲဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ်ချင်းပြည်နယ်တွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ချင်းပြည်နယ် ၉ မြို့နယ်ထဲမှ ၅ မြို့နယ်တွင်သာ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည် ကျောင်းသူ၊ ကျောင်းသား ၂၉၅၀ ယောက်က ဖြေဆိုကြမည်ဟု ပြည်နယ်ပညာရေးမှူး ပြောဆိုချက်အရ သိရပါတယ်။

စစ်အာဏာမသိမ်းခင် ယခင်ပညာသင်နှစ်များက ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသူ/ ကျောင်းသား တစ်သောင်းကျော်ခန့်က ပုံမှန်ရှိခဲ့ပါတယ်။

ချင်းပြည်နယ် မြို့နယ် အချို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာဆိုရင် စနစ်သစ် သင်ရိုးတွေနဲ့ ကျောင်းသား/ ကျောင်းသူ တွေကို ပညာသင်ကြားပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာ CDM လုပ်တဲ့ကျောင်းဆရာ/မ တွေဝင်ရောက်အားဖြည့်လျက်ရှိပါတယ်။

အာဏာသိမ်းအစိုးရ လက်အောက်က ပညာရေးမှာ ကျောင်းမတက်လိုကြတဲ့ လူငယ်အများ အစုက ပြည်တွင်း ပြည်ပ ထွက်ကာ အလုပ်လုပ်ကိုင်ရန် ရွေးချယ်ကြပြီး အချို့ကတော့ ပြည်ပနိုင်ငံဖက်ကို ထွက်ခွါနေကြပြီဖြစ်ပါတယ်။

အခြေခံပညာရေး အထက်တန်း ၁၀ တန်းကို မတက်တော့ဘဲ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေတဲ့ မတူပီနယ်က ကျောင်းသူ တစ်ဦးက “ကျမအခု စင်ကာပူသွားဖို့ ရန်ကုန်ကိုရောက်လာတယ်။ အိမ်ကိုလည်း မခွဲဖူးတော့ ရန်ကုန်လာရင်း လမ်းမှာလည်း အရမ်းငိုခဲ့ရတယ်။ အခုချိန်ထိ အိမ်နဲ့ ဖုန်းပြောရင်လည်း ငိုတယ်။ သူများနိုင်ငံမှာ နေရမှာလဲကြောက်တယ်။ မိဘတွေကတော့ မကြောက်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ အားပေးကြတယ် ကျောင်းလည်းမတက်တော့ဘူးဆိုတော့ အိမ်ကိုလည်း ထောက်ပံ့ချင်တယ်။ ညီမတို့က ၁၈ နှစ်ကလည်း မပြည့်သေးတော့ အရပ်ရှည်မှ ပွဲစားကလက်ခံတာ ညီမသူငယ်ချင်းတစ်ယောက်ဆို အရပ်ပုတော့ မသွားရဘူး”ဟု ပြောပါတယ်။

အကြပ်အတည်းပိုမိုဆိုးရွားလာတဲ့ အခြေအနေမှာ ချင်းပြည်နယ်က မြို့နယ်အများစုမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတာတွေကြောင့် မိဘအများစုက သား/သမီး တွေကို နိုင်ငံခြားထွက် ပြီး အလုပ်လုပ်ကိုင်ဖို့ အားပေးနေတာတွေလည်း တွေ့နေရပါတယ်။

နိုင်ငံခြားမထွက်တဲ့ ကလေးအချို့က မန္တလေး၊ ရန်ကုန်တို့လို မြို့ကြီးတွေမှာ သွားပြီး အလုပ်လုပ်ကိုင် နေကြပါတယ်။

နိုင်ငံခြားထွက် ကလေးအများစုက စင်ကာပူ၊ဒူဘိုင်း၊ထိုင်း၊တရုတ် နိုင်ငံတွေမှာ အိမ်ဖော်အလုပ်ကို အများစုက သွားရောက် လုပ်ကိုင်နေကြပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့ မိသားစု အချို့ကတော့ သား/သမီးတွေကို နိုင်ငံခြားပို့ပြီး ပညာဆက်လက် သင်ယူနိုင်ရန်တွက် ကြိုးပမ်းကြတာမျိုးလည်း ရှိပါတယ်။

CDM လှုပ်ရှားမှုမှာ လုပ်ပြီးမှ လုပ်ငန်းခွင် ပြန်ဝင်တဲ့သူတွေကို လူမှုပြစ်ဒဏ်ပေးပြီး ဖယ်ကျဉ်လာတာတွေ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နိုင်အောင် လုပ်သူတွေလို့ သတ်မှတ်ကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်က ဝန်ကြီးဌာနတွေကတော့ လုပ်ငန်းတွေ အလုံးစုံလည်ပတ်နိုင်တာမျိုးမရှိသေးဘဲ ပုံစံအမျိုးစုံနဲ့ ဝန်ထမ်းဖြည့်တင်းမှုတွေကို လုပ်နေရပါတယ်။

ချင်းပြည်နယ်က ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဌာနတွေက Non CDM သာကျန်ခဲ့တဲ့ အဓိကဌာနတွေဖြစ်ပြီး အုပ်ချုပ်ရေးဌာနနဲ့ အခြားဌာနတွေလည်း Non CDM တွေနဲ့ ဝန်ထမ်းအင်အား အနည်းငယ်သာ ဖြည့်နိုင်ပြီး ခက်ခက်ခဲခဲ လည်ပက်နေရပါတယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ အစိုးရကို ဖြုတ်ချနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့ အထဲ CDM အစိုးရ ဝန်ထမ်းအများစုက ပါဝင်နေတာတွေကြောင့် ချင်းပြည်နယ်မှာ အာဏာသိမ်းအစိုးရ လုပ်ငန်းယန္တရားတွေ ကောင်းမွန်စွာ မလည်ပတ်နိုင်ခဲ့တာ ၁ နှစ်ကျော်ဝန်းကျင်တော့ ရှိလာခဲ့ပါပြီ။

အာဏာသိမ်းအစိုးရကို တက်တက်ကြွကြွ ပြန်လည်တွန်းလှန် တိုက်ခိုက်နေတာတွေ ကြောင့် ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်အစိုးရအနေနဲ့ အစိုးရလုပ်ငန်း ယခင်လို မလည်ပတ်နိုင်တာကတော့ အသေအချာပဲဖြစ်ပါတယ်။

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်အစိုးရရဲ့ နိုဝင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်မှာ...
November 27, 2024
တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၂၆...
November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...