ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်း ကျေးရွာဘက်သို့ အင်းအားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကလေးပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF-Kalay) တို့အကြား မတ်လ ၁၄ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က ၂၀ ခန့် သေဆုံးနိုင်ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ၁၄ ရက်နေ့ကစတာ ဒီနေ့ဆိုရင် လေးရက်မြောက်ပါ။ သူတို့ကတော့ ကလေးမြို့တောင်ပိုင်းဟံသာဝတီကို လက်နက်ခဲယမ်း၊ ရိက္ခာတွေသွားပို့ရင်းနဲ့ နယ်မြေရှင်းလင်းရင်းနဲ့ တခါတည်းထိုးစစ်ဆင်တာ သုံးမျိုးပေါင်းပြီးမှ တခါတည်းလာ လိုက်တာသူတို့က။ မနေ့က သုံးရက်အတွင်းမှာ ၂၀ အထက်ရှိမယ် သူတို့ဖက်က ကျတာ။ မနေ့ကဆိုရင် လက်ဖြောင့်တပ်သားပစ်တဲ့ဟာ ၇ ယောက်ကျတယ်။ အဓိက မိုင်းဆွဲတိုက်ခိုက်တာ များတယ်။” ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ် ကောင်စီ တပ်ဖွဲ့များကို လမ်းကြောင်းတလျှောက်တွင် PDF-Kalay၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
မတ်လ ၁၇ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့တို့ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းဝင်ရောက်ပြီး တိုက်မိုင်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးနိုင်သည်ဟု Kalay PDF ကဆိုသည်။
စည်သာရွာဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို သုံးကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ပြီး ကားတစ်စီး ထိမှန်ခဲ့သောကြောင့် အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့မှ နတ်မြောင်း၊ နတ်ချောင်းကျေးရွာမှ လူနေအိမ်အလုံး ၃၀ ခန့် မီးရှို့ခဲ့ကြောင်းသိရသည်။