“ဒေသကာကွယ်ရေးအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ သူတို့ကာကွယ်ပေးလို့သာ ကျွန်မတို့လည်း အလုပ်လုပ်နိုင်တာဖြစ်တယ်” အဆိုပါစကားကို မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ သင်ကြားရေးတာဝန်ခံ တစ်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်မှာ မင်းတပ်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအတွင်းရှိနေသည့် ကျေးရွာအချို့တွင် အခြေခံပညာသင်ကြားမှုများ စတင်နေသည်မှာ နှစ်ဝက်ကျော်ရှိပြီဖြစ်သည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းများဖွင့်လှစ်မှုရှိသော်လည်း ကျောင်းဆရာ/မများ CDM လှုပ်ရှားမှုတွင် ပါဝင်နေခဲ့ကြခြင်း၊ စစ်ကောင်စီလက်အောက်ရှိ ပညာရေးစနစ်တွင် မိဘများမှ ကျောင်းမထားလိုခြင်း၊ အများစုနေရာတွင် ပဋိပက္ခကြောင့် ကျောင်းများမဖွင့်လှစ်နိုင်ခြင်း၊ ကိုဗစ်ရောဂါထိန်းချုပ်မှုမရရှိသည့်အတွက် အချို့နေရာတွင် ကျောင်းများပိတ်ထားနေရဆဲ အနေအထားဖြစ်နေခဲ့သည်။
မင်းတပ်မြို့နယ်တွင် အဓိကအားဖြင့် ကျောင်းများကို တိုက်ပွဲအခြေအနေကြောင့် ပိတ်ထားရခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများလည်း စစ်ဘေးရှောင်နေရဆဲဖြစ်သည်။ မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့သည်လည်း စစ်ဘေးရှောင်သူများမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ဇူလိုင်လတွင် စတင်ခဲ့သည်။
သင်ကြားရေးတာဝန်ခံက “ ပိုမိုကျစ်လစ်အောင်နဲ့ တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်အောင် TOT သင်တန်းတွေ စတင်ဖွင့်လှစ်လာကြတယ်။ အဲဒီမှာ CDM ဆရာ/မတွေပါသလို၊ အရပ်ဖက်က ပညာရေးကို စိတ်ဝင်စားတဲ့သူတွေလည်းပါဝင်တယ်” ဟုပြောသည်။
မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့တွင် တိုက်နယ်အမှတ်အလိုက် သင်ကြားရေးတာဝန်ခံများထားရှိ ဖွဲ့စည်းထားပြီး ယခင်ပြည်သူ့အစိုးရလက်ထက် သင်ရိုးသစ်သင်ကြားနည်း ပုံစံအတိုင်း အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပြီး သင်ကြားမှုများကို လုပ်ဆောင်ပေးလျက်ရှိသည်။
လက်ရှိအချိန်အထိ အခြေခံပညာအဆင့်ဖြစ်သည့် Grade 1 မှ Grade 4 အထိ သင်ကြားမှုများကို ပုံမှန်ဆောင်ရွက်နေနိုင်ပြီဖြစ်ပြီး ချင်းစာပေ၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့်သချာင်္ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။
ပညာရေးဘုတ်အဖွဲ့အနေဖြင့် သင်ကြားရေးများအတွက် လိုအပ်သည့် စာအုပ်များ၊ သင်ရိုးများကို ပျက်စီးမှုမရှိစေရန် ထိမ်းသိမ်းနေရကြောင်း၊ စစ်ကောင်စီမှ ၄င်း၏ထိုးစစ်ဆင်မှုအတွင်း ဆရာ/မများ၏ သင်ကြားရေးလမ်းညွှန်စာအုပ်များကို ဖျက်စီးပစ်သကဲ့သို့ ဖုန်းဖြင့် သိမ်းထားသည့် Application များထည့်ထား၍ရနေသော်လည်း လုံခြုံရေးအခြေအနေကြောင့် အဆင်မပြေသည့်အတွက် သင်ကြားရေး လမ်းညွှန်စာအုပ်များကို တစ်ရွာနှင့်တစ်ရွာ လက်ဆင့်ကမ်း မျှဝေသုံးစွဲနေရသည်ကြောင်း သင်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ပညာရေးအဖွဲ့အနေဖြင့် NUG နှင့်ချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် အင်တာနက်အဆက်အသွယ်များ ဖြတ်တောက်ခံရမှုသည် အဓိက စိန်ခေါ်မှုဖြစ်နေသဖြင့် သင်ကြားရေး ဆောင်ရွက်နေသည့် နေရာအများစုမှာလည်း အင်တာနက်လိုင်းမရခြင်းကြောင့် လိုင်းမိသည့်နေရာသို့ သွားရသည်။
သင်ကြားရေးတာဝန်ခံက “ လိုင်းမိတဲ့နေရာသွားရတော့ ဓာတ်ဆီလည်းကုန်တယ်။ လိုင်းမိတဲ့နေရာမှာလည်း အရေးကြီးကိစ္စနဲ့သုံးကြသူတွေများတော့ လိုင်းကျတာမျိုး၊ Download ဆွဲမရတာမျိုး၊ Email ပို့မရတာမျိုးကြုံရတဲ့အတွက် ရှိတဲ့အတွက် အချိန်အရမ်းနောက်ကျတာတွေ ကြုံရတယ်” ဟုပြောသည်။
လက်ရှိအချိန်အထိ NUG မှ ငါးသိန်း တစ်ကြိမ်သာ ထောက်ပံ့မှုရရှိသည့်အတွက် ရန်ပုံငွေကို လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်လျှင် လက်ရှိအခြေအနေထက် ပိုပြီး ခရီးရောက်နိုင်မည်ဟု သူကဆိုသည်။
မင်းတပ်မြို့နယ် ပညာရေးဘုတ်အနေဖြင့် သင်ကြားရေး ဆောင်ရွက်မှုအပေါ် ကလေးများ အမှန်တကယ်တတ်မြောက်မှုရှိမရှိ Accessment ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၂၂ အတွင်း TOT သင်ခန်းစာများ သင်ယူပြီးလျှင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာအပြင် သိပ္ပံဘာသာရပ် နှင့် သက်မွေးပညာများကိုလည်း ဆက်လက်သင်ကြားမှု ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျေးလက်ဒေသတွင် ပညာရေးလုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးအကြပ်အတည်းကြောင့် စိတ်ရှည်ရမည်ဖြစ်ကြောင်း၊ အကြပ်အတည်းကြားတွင် ရပ်တန့်မှုမရှိပဲ စုစည်းအားဖြင့် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ သင်ကြားရေးတာဝန်ခံ (၁) ကပြောသည်။
“ ဒီတော်လှန်ရေးအောင်ဖို့က စိတ်ရှည်ဖို့တော့လိုပါမယ်။ လူသားတွေဖြစ်တဲ့အညီ တစ်ခါတစ်လေ အချင်းချင်း အခန့်မသင့်တာတွေရှိပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ တားဆီးပိတ်ဆို့မှုတွေကို လုပ်နေအုံးမှာပဲဆိုတော့ လက်ရှိလုပ်နေတာတွေကို ရပ်တန့်သွားမယ်ဆိုရင် ပိုဆိုးသွားလိမ့်မယ်။ အားလုံးပေါင်းပြီး စားစရာရှိတာအတူစားပြီး လုပ်စရာအတူလုပ်၊ ငတ်လည်းအတူငတ်ဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ကျွန်မတို့ပညာရေးဘုတ်အဖွဲ့အနေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့်ဟာတွေလည်း အများကြီးရှိနေပါသေးတယ်” ဟုပြောသည်။
မင်းတပ်မြို့နယ် ကျေးရွာများအတွင်း ပညာသင်ကြားမှုများအတွက် သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်၊ ခဲတံ မှအစ အခြားအသုံးအဆောင်ပစ္စည်းများကို စစ်ကောင်စီတပ်မှ စစ်ရေးဂိတ်များတွင် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ဖျက်စီးခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပညာရေးကဏ္ဍမှ ဦးဆောင်ပြီး ကျေးရွာပေါင်း ၁၃၆ ရွာတွင် ကျောင်းသားဦးရေ (၆၂၀၀) ကျော်အား ပညာသင်ကြားပေးလျက်ရှိပြီး ဆရာတတ်သင် သန်တန်းကျောင်းမှ ဆရာ/မပေါင်း (၈၅၈) ဦးအထိ သင်တန်းပေးခဲ့ပြီးဖြစ်သည်။
ချင်းပြည်နယ်အတွင်း ပညာရေးစဉ်ဆက်မပြတ် သင်ကြားနိုင်ရေးအတွက် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်များတွင် ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထားနိုင်သည့် ကျေးရွာများတွင် ကျောင်းပညာရေးကို သင်ကြားပေးလျက်ရှိသည်။