စစ်ကောင်စီ လေတပ်မှ ဗိုလ်ကြီး မုတ်သုံ နှင့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း တစ်ခုမှ တပ်သား သီဟနိုင်တို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်း လာခဲ့သည်ဟု ပြည်သူ့ပန်းတိုင် အဖွဲ့က ယနေ့ မတ်လ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။
တပ်သား သီဟနိုင်သည် အမ်အေ-၃ သေနတ် နှစ်လက်နှင့် အတူ ဖေဖော်ဝါရီလ အတွင်းက ပြည်သူ့ဘက် ကူးပြောင်းခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ပြည်သူ့ပန်းတိုင် အဖွဲ့၏ ချိတ်ဆက် ကူညီ ဆောင်ရွက် ပေးမှုဖြင့် လွတ်မြောက်နယ်မြေ တစ်နေရာ၌ ရောက်ရှိနေပြီ ဖြစ်သည်။
" အတွေးအခေါ် အသိဉာဏ် မြင့်မားပြီး ပြည်သူလူထုကို အမှန်တကယ် အလုပ်အကျွေး ပြုချင်တဲ့၊ အမှန်တရားကို မြတ်နိုးကြတဲ့၊ အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား ဖိနှိပ်မှုတွေကို မနှစ်မြို့ ကြတဲ့၊ တပ်မတော်ကို ပြည်သူချစ်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် မြင်လိုကြတဲ့ တပ်မတော်သား ကောင်းတွေ စစ်ကောင်စီတပ်ထဲမှာ များစွာ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် တပ်မတော်သား ကောင်းများ အနေနဲ့ မိမိတို့ ဂုဏ်သိက္ခာ နှင့် အနာဂတ်၊ မိမိတို့ မျိုးဆက်များရဲ့ ဂုဏ်သိက္ခာ နှင့် အနာဂတ်များ အတွက် ဆင်ခြင်သုံးသပ်ပြီး စစ်အာဏာရှင် အသုံးချခံ အဖြစ် ကနေ အချိန်မီ ရုန်းထွက်ကာ ပြည်သူလူထု နဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြဖို့ သတင်းစကားပါး တိုက်တွန်း အပ်ပါတယ် " ဟု ပြည်သူ့ပိုင်းတိုင် အဖွဲ့က ဆိုထားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက ပြည်သူ့ဘက် ရပ်တည်ခဲ့ပြီး ခက်ခက်ခဲခဲ ပုန်းရှောင် နေခဲ့ရသည့် တပ်ကြပ်ကြီး နောင်ရိုးကိုလည်း ပြည်သူ့ပန်းတိုင် အဖွဲ့က လွတ်မြောက်နယ်မြေ တခုသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး မကြာခင် ပြည်သူလူထုနှင့် မိတ်ဆက် ပေးသွားမည်ဟု သိရသည်။
ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို မလိုလား မနှစ်မြို့ ကြသည့် အရာရှိ စစ်သည်များသည် ၎င်းတို့ ဂုဏ်သိက္ခာ၊ ၎င်းတို့ မျိုးဆက်များ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူရန် စစ်အာဏာရှင်၏ လက်ကိုင်တုတ် အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်လာမှု တဖြည်းဖြည်း ပိုမို များပြားလာနေသည်။
ထို့ကဲ့သို့ CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းသူများ၏ ရုပ်ပုံနှင့် အချက်အလက်များကို စစ်ကောင်စီ တပ်များအတွင်း ကပ်ကာ ၎င်းတို့နှင့် ဆက်သွယ်ခြင်းများ မပြုလုပ်ကြရန် သတိ ပေးခြင်းများ ရှိနေသည်ဟုလည်း သိရသည်။
" ကပ်တာကတော့ အရင်ကတည်းကပါ။ တပ်ထဲက လူတွေကို ကျွန်တော်တို့နဲ့ အဆက်အသွယ် မလုပ်ဖို့ အဓိကပေါ့။ အရေးခင်း ဖြစ်ကာစ ကတော့ သူတို့ တပ်ထဲ အယောင်ဆောင်ပြီး ဝင်မှာ ဆိုးလို့ကပ်တာ။ လေတပ်တိုင်း ကပ်တယ်လို့တော့ ပြောတယ်။ ရေတပ်တော့မသိဘူး၊ ကြည်းတပ်ကတော့ ကပ်မယ်ဆို နည်းတာမှ မဟုတ်တာ အများကြီးပဲ။ ကြည်းကတော့ မကပ်လောက်ဘူး " ဟု လေတပ်မှ CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း စစ်ကောင်စီတပ် အတွင်းမှ CDM ပြုလုပ်သူ ရာကျော် ရှိပြီ ဖြစ်ပြီး လေတပ်မှ တစ်နှစ်ကျော် အတွင်း CDM ပြုလုပ်သူ အရာရှိနှင့် စစ်သည် ၁၀၀ ကျော် ရှိပြီဟု သိရသည်။
ပြည်သူ့ပန်းတိုင်မှ သိရှိထားချက်အရ ပြည်သူ့ဘက် ရပ်တည်ခဲ့သူ လေတပ်အရာရှိ သုံးဦး ရှိသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်း ကတည်းက CDM ပြုလုပ်ခဲ့သည့် ဗိုလ် Jade Boss ၊ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက KNDF နှင့် ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီး ဇေသူအောင်နှင့် ယနေ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် ဗိုလ်ကြီး မုတ်သုံတို့ ဖြစ်သည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ လေတပ်အတွင်းမှ CDM ပြုလုပ်သူများကို ပုံမျာနှင့်တကွ ကပ်ကာ အသိပေးကြေညာထားခြင်း ဖြစ်သည်။