“ပြည်သူတွေ ယုံကြည်မှုရှိတဲ့ တရားစီရင်ရေးဖြစ်လာဖို့အတွက် ကြိုးစားနေပါတယ်”

“ပြည်သူတွေ ယုံကြည်မှုရှိတဲ့ တရားစီရင်ရေးဖြစ်လာဖို့အတွက် ကြိုးစားနေပါတယ်”
by -
ဇော်ထိုက်/ ဟင်္သာမီဒီယာ
မွန်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားရေး ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်စိန်းနှင့် တွေ့ဆုံခြင်း ၂၀၁၆ ခုနှစ်အတွင်းတွင် တရားစီရင်ရေးမဏ္ဍိုင်မှ စည်းကမ်းဖောက်သည့် ဝန်ထမ်းများနှင့် တရားသူကြီးများကို သတိပေးအရေးယူမှုများ ပြုလုပ်ထားကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဦးထွန်းထွန်းဦးက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်မှုနှင့် ပတ်သက်၍ မွန်ပြည်နယ် တရားလွှတ်တော်အနေဖြင့် ပါဝင်မှု အခြေအနေများ၊ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးအတွက် စီစဉ် ဆောင်ရွက်မှုများ၊ တရားရုံးသို့ ရောက်ရှိလာသည့် အမှုများကို တရားသူကြီးများက မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်ရသည့် ကိစ္စများနှင့် မဏ္ဍိုင်ကြီး သုံးရပ် အပြန်အလှန် အထောက်အကူ ဖြစ်စေရန် တရားလွှတ်တော်၏ အခန်းကဏ္ဍကို မွန်ပြည်နယ် တရားလွှတ်တော် ပြည်နယ် တရားရေး ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဒေါ်ကြည်ကြည်စိန်း နှင့် တွေ့ဆုံမေးမြန်းမှုများကို ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဟင်္သာမီဒီယာ။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ထုတ်ပြန်ချက်အရ စည်းကမ်းဖောက်ဖျက်တဲ့ ဝန်ထမ်းနဲ့ တရားသူကြီး ၁၁၆ ဦးကို အသိပေး အရေးယူမှုတွေ လုပ်ထားတယ်လို့ သိရတယ်၊ ဒါနဲ့ပတ်သက်လို့ မွန်ပြည်နယ်က ပါဝင်မှု ဘယ်လောက် ရှိသလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ နောက်ဆက်တွဲ (ခ) ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် အရေးယူမှုနဲ့ စပ်လျဉ်းပြီး မွန်ပြည်နယ် အနေနဲ့ ဦးစီးအရာရှိ တစ်ဦး။ အဲဒီတစ်ယောက်က တရားသူကြီး တစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းမှုမရှိဘဲနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူလွန်းခြင်း၊ တရားသူကြီး တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း မရှိဘဲနဲ့ တာဝန်ပေါ့လျော့ခြင်း ပြုလုပ်ခဲ့တယ်လို့ ပေါ်ပေါက်တဲ့အတွက်ကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့တယ်။နောက်တစ်ခု မုဒုံမြို့နယ် တရားရုံးက ဆင့်စာလုလင် တစ်ဦးနဲ့ ချောင်းဆုံမြို့နယ် တရားရုံးမှ ဆင့်စာလုလင် တစ်ဦး၊ အဲဒီနှစ်ယောက်က ခွင့်မဲ့ပျက်ကွက်ပြီး တစ်ဖက်နိုင်ငံကို အလုပ်သွားလုပ်တယ်၊ ပြီးတော့ ပြန်လာဖို့ အကြောင်းမရှိတဲ့အတွက် ရာထူးကနေ ထုတ်ပယ်ခဲ့တယ်။ ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ် တရားလွှတ်တော်အနေနဲ့ တရားရုံး ဝန်ထမ်းတွေနဲ့ တရားသူကြီးတွေကို ဘယ်လို ထိန်းကျောင်းမှုတွေ ပြုလုပ်ထားသလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။တရားရုံး ဝန်ထမ်းတွေနဲ့ တရားသူကြီးတွေဟာ နိုင်ငံဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေကို လိုက်နာကျင့်သုံးခြင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာကျင့်သုံးရခြင်းတို့နဲ့ ထိန်းကျောင်းပေးပါတယ်၊ နောက်ပြီး တရားရုံး ဝန်ထမ်းတွေကို ရုံးပြောင်းရွှေ့ပေးခြင်း၊ နောက်တစ်ခါ ကျရာရုံးအတွင်းမှာပဲ တာဝန်ချထားတဲ့ နေရာ တစ်ခုကနေ တခြားနေရာ တစ်ခုကို ပြောင်းရွှေ့ပေးခြင်း၊ ပြောင်းရွှေ့ခြင်း နည်းလမ်းတွေနဲ့လည်း ထိန်းကျောင်းပါတယ်၊ တိုင်ကြားမှုတွေ ရှိလာလို့ရှိရင် တိုင်ကြားမှုတွေကို စိစစ်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်၊ ဒါကတော့ တရားရုံး ဝန်ထမ်းတွေ အပိုင်းပေါ့။ တရားသူကြီးတွေ အပိုင်းမှာတော့ သူတို့အပေါ်မှာ တိုင်ကြားလာတဲ့ ကိစ္စတွေ ရှိလာလို့ရှိရင် စိစစ်တယ်၊ အရေးယူသင့်တယ်လို့ ထင်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တင်ပြတယ်၊ နောက်ပြီး တရားရုံး အသီးသီးက လစဉ် တင်ပြတဲ့ အစီရင်ခံစာတွေ ရှိတယ်၊ ဒီအစီရင်ခံစာတွေကို စိစစ်တယ်၊ နောက်ပြီး တရားရုံး ပြီးပြတ်ချက်တွေကို စိစစ်တယ်၊ ပြီးပြတ်ချက်တွေရဲ့ အမှုတွဲတွေကို တောင်းခေါ် စိစစ်ပြီးမှ လိုအပ်ချက်တွေ လုပ်ထုံးလုပ်နည်း ဥပဒေပိုင်းဆိုင်ရာတွေကို မှတ်ချက် ပြုတာ ရှိတယ်၊ ဥပဒေနဲ့ ညီ မညီ ပြန်လည် စိစစ်ဖို့ အကြောင်းပေါ်လာတဲ့ အမှုတွေ ရှိရင် မြို့နယ် တရားရုံးတွေရဲ့ အမိန့် ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့မယ်ဆိုရင် ခရိုင်တရားရုံးတွေကို ပြင်ဆင်မှု (က) ဖွင့်လှစ် စေတယ်၊ နောက်ပြီး ခရိုင်တရားရုံးတွေရဲ့ အမိန့် ဆုံးဖြတ်ချက်တွေ အပေါ်မှာ ဥပဒေနဲ့ ညီ မညီ ပြန်လည် စိစစ်ဖို့ အကြောင်းအရာတွေ ပေါ်ပေါက်လို့ ရှိရင်လည်း ပြည်နယ် တရားလွှတ်တော်က ပြင်ဆင်မှု ဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်၊နောက်တစ်ခါ တရားသေလွှတ်တဲ့ အမှုတွေနဲ့ ပတ်သက်ရင် အယူခံဝင်နိုင်တာက ဥပဒေချုပ်ရုံး ဖြစ်တဲ့အတွက်ကြောင့် တရားသေလွှတ်တော်အမိန့်များကို အယူခံဝင်ရောက်သင့်က ဝင်ရောက်ဖို့ ပြည်နယ် ဥပဒေချုပ်ရုံးကို အကြောင်းကြားတဲ့ ကိစ္စတွေလည်း ရှိတယ်၊ အမှုတွေ ကြန့်ကြာမှု မရှိစေရေးအတွက် လစဉ် အမှုလျော့နည်းကျဆင်းရေး စီမံချက် ညှိနှိုင်း အစည်းအဝေး ခေါ်ပြီး ကြန့်ကြာတဲ့ အမှုတွေကို ဆွေးနွေး အဖြေရှာတယ်၊ နောက်ပြီး သူတို့အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုအပ်တဲ့ ကိစ္စတွေ ရှိလို့ရှိရင် လမ်းညွှန်ပေးပြီး ဝိုင်းဝန်းဆွေးနွေး အကြံပြုတယ်၊ နောက်ပြီး အပတ်စဉ် တင်ရတဲ့ အစီရင်ခံစာအပေါ်မှာလည်း ကြည့်ရှုစိစစ်ပြီး ဘယ်အပိုင်းကတော့ လိုအပ်နေတယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပြုလုပ်ပြီး ထိန်းကျောင်းပေးနေတယ်။ ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ် တရားလွှတ်တော်အနေနဲ့ အဂတိကင်းရှင်းရေးအတွက် ဘယ်လိုတွေ ဆောင်ရွက်ထားလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။ ကျွန်မတို့ တရားသူတစ်ကြီး တစ်ယောက်ဟာ တာဝန်ကို စပြီး မထမ်းဆောင်စဉ်အချိန်ကတည်းက ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်မှာ ကျမ်းသစ္စာကျိန်ဆိုရပါတယ်၊ ကျမ်းသစ္စာမှာက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရယ်၊ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို လိုက်နာမည်ဖြစ်ကြောင်း၊ နောက် တရားစီရင်ရေး လုပ်ငန်းများကို ထမ်းဆောင်တဲ့ အခါ တရားသူကြီးတွေ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာတွေကို လိုက်နာဆောင်ထိန်းပြီးတော့ မှုခင်းကိစ္စတွေကို အဂတိတရား လေး ပါး ကင်းရှင်းစွာနဲ့ ဥပဒေနဲ့ အညီ တရားမျှတ မှန်ကန်စွာ စစ်ဆေး စီရင်ဆုံးဖြတ်ပါမယ်လို့ လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုပါတယ်ဆိုပြီး ကျမ်းသစ္စာပြုရပါတယ်၊ နောက်ပြီးတော့ တရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်အရ တရားသူကြီးအားလုံးနဲ့ တရားသူကြီးတာဝန်မထမ်းဆောင်ပဲ စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ အားလုံး ၊ ရုံးဝန်ထမ်းတွေ အားလုံးဟာ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစာ မပြုဘဲနဲ့ လာဘ်ပေးလာဘ်ယူမှု အဂတိတရား ကင်းရှင်းစွာနဲ့ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါမယ်၊ နောက်ပြီး တရားရုံးရဲ့ ဂုဏ်သိက္ခာ ဝန်ထမ်းဖွဲ့စည်းရဲက ဂုဏ်သိက္ခာ ကျဆင်းစေမယ့် အပြုအမှုတွေ ပြုလုပ်ခြင်း မရှိပဲနဲ့ ဆောင်ရွက်ပါမယ်၊ ထိုညွှန်ကြားချက်ကို မလိုက်နာပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူခံပါမယ်လို့ ဝန်ခံကတိပြုလက်မှတ်ထိုးထားပါတယ်။ နောက်ပြီး တရားရုံး အသီးသီးမှာ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်း စီမံချက်တွေ ချပြီးတော့လည်း ဆောင်ရွက်နေတယ်၊ တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်မှု တစ်စုံတစ်ရာ မရှိလို့ ရှိရင် မွန်ပြည်နယ် တရားလွှတ်တော်ရဲ့ ပြည်နယ် တရားသူကြီး၊ ခရိုင်တရားသူကြီးတွေဆီမှာ တိုင်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းကို ဖုန်းနံပါတ်တွေနဲ့ တကွ ကြေငြာစာကို တရားရုံးအသီးသီးရဲ့ အများပြည်သူ မြင်လွယ်တဲ့ နေရာမှာ ကပ်ထားပေးပါတယ်။ပြည်ထောင်စု တရားသူကြီးကလည်း တရားသူကြီးတွေနဲ့ တရားရေး ဝန်ထမ်းတွေ၊ တရားရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ အဂတိတရား ကင်းရှင်းရေးအတွက် ညွှန်ကြားချက်တွေ အကြိမ်ကြိမ် ထုတ်ဆင့်ထားတယ်၊ နောက် တရားရုံးနဲ့ တရားရုံးပတ်ဝန်းကျင်မှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးအတွက် ညွှန်ကြားမှုတွေ ပြုထားပါတယ်၊ အဂတိလိုက်စားမှု ဥပဒေ ဖောက်ဖျက်ကျူးလွန်မှု မရှိစေရေးအတွက် အဂတိလိုက်စားမှု ဥပဒေတွေကို ရှင်းလင်းထားပါတယ်၊ ထိန်းကြောင်းတာကတော့ ဒီအတိုင်းပဲ ထိန်းကြောင်းနေတယ်။ ဟင်္သာမီဒီယာ။ ။ အစိုးရနဲ့ လွှတ်တော်က တရားစီရင်ရေးမဏ္ဍိုပ်ရဲ့ အားနည်းမှုတွေကို ထိန်းကြောင်းသွားမယ်လို့ ပြောဆိုထားတဲ့ အပေါ် ဘာပြောစရာရှိပါသလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က)မှာက နိုင်ငံတော်ရဲ့ ချုပ်ချာ အာဏာရဲ့ ခက်မ သုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကို တက်နိုင်သလောက် ပိုင်ခြာ သုံးစွဲခြင်း အာဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကြောင်းခြင်းတို့ ပြုသည်ဟု ပြဌာန်းထားပါတယ်၊မွန်ပြည်နယ် တရားလွှတ်တော်အနေနဲ့ မွန်ပြည်နယ်အတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် တရားရုံးအရှေ့မှောက်ကို ရောက်လာတဲ့ အမှုတွေကို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးခြင်းကြောင့်လည်း ရပ်ရွာ အေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက် လျက်ရှိကြပါတယ်၊ ကျွန်မတို့ မွန်ပြည်နယ် တရားလွှတ်တော်အနေနဲ့ ပြည်နယ် တရားရုံးအသီးသီးမှာ အမှုတွေကို ဥပဒေနဲ့ အညီ ဆုံးဖြတ်ဖို့ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်။ ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ် တရားလွှတ်တော် ဖွဲ့စည်းပုံလေးကို နည်းနည်းလောက် ရှင်းပြပေးပါဦး။ ဒေါ်ကြည်ကြည်စိန်း။ ။ မွန်ပြည်နယ် တရားလွှတ်တော်မှာ မွန်ပြည်နယ် တရားလွှတ်တော်ရုံးက တစ်ရုံး ရှိပါတယ်၊ နောက်ပြီး ခရိုင်တရားရုံး နှစ် ရုံး၊ မြို့နယ် တရားရုံး ၁၀ ရုံးနဲ့ ဖွဲ့စည်းထားတယ်၊ တရားရုံးအသီးသီးမှာရှိတဲ့ အရာထမ်း၊ အမှုထမ်းတွေကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေပြီးတော့ ခွဲဝေ သတ်မှတ်ပေးထားတဲ့ အတိုင်း ခန့်အပ်ထားပါတယ်။ ဟင်္သာမီဒီယာ။ ။ ၂၀၁၇ မွန်ပြည်နယ် စည်ပင်ဥပဒေအနေနဲ့ ပြည်သူလူထုအပေါ် ဘယ်လောက် အတိုင်းအတာအထိ အကျိုးရှိနိုင်မလဲ၊ နည်းနည်းလောက် သုံးသပ်ပေးပါဦး။ ဒေါ်ကြည်ကြည်စိန်း။ ။ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေဟာ ပြဌာန်းထားတာ မကြာသေးပါဘူး၊ ဘယ်လောက် အတိုင်းအတာအထိ အကျိုးရှိမလဲဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကိုပဲ မေးရမှာ ဖြစ်တယ်၊ ဒါပေမယ့် ဒီဥပဒေရေးဆွဲစဉ်ကတော့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ သက်ဆိုင်ရာ နယ်ပယ် ကျွမ်းကျင်သူတွေ အတွေ့အကြုံရှိသူတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး ပြဌာန်းထားတယ်လို့ သိရတယ်။ ဟင်္သာမီဒီယာ။ ။ ဦးသိန်းစိန်အစိုးရ လက်ထက်က ရေးဆွဲပြဌားန်ခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေရဲ့ ပုဒ်မ ၆၆ (ဃ)ကို သုံးသပ်ပေးပါဦး။ ဒေါ်ကြည်ကြည်စိန်း။ ။ ဆက်သွယ်ရေး ဥပဒေဟာ ၂၀၁၃ ခုနှစ်က ပြည်ထောင်စု လွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်တယ်၊ အဲဒီဥပဒေ ပုဒ်မ ၆၆ (ဃ) မှာ ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းဆိုခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသေရေဖျက်ခြင်း၊နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ရင် သုံး နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ် ရပ်လုံး ဖြစ်စေချမှတ်ခံရမည်လို့ ပြဌာန်းထားပါတယ်၊တရားရုံးတွေဟာ ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာပြီးတော့ ဥပဒေနဲ့ အညီ စီရင်ဆုံးဖြတ်ဖို့ သာဖြစ်တယ်၊ တရားရေး ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေကို ဝေဖန်ဖို့ အကြောင်းမရှိပါဘူး၊ မိမိရှေ့မှောက်ရောက်လာတဲ့ အမှုကို သက်ဆိုင်ရာ ဥပဒေနဲ့အညီသာ စီရင်ဆုံးဖြတ်ဖို့သာ ဖြစ်တယ်။ ဟင်္သာမီဒီယာ။ ။ NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်က တရားစီရင်ရေးမဏ္ဍိုပ် ဖြောင့်မတ်မှန်ကန်ဖို့ ထိန်းကြောင်းရမယ်လို့ ပြောဆိုထားတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၁ (က) အရ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ခက်မ သုံးဖြာ ကို အချင်းချင်း အပြန်အလှန် ထိန်းကြောင်းခြင်း ပြုတဲ့ဟာကို ဒီပုဒ်မ ၁၁ (က) မှာ ပြဌာန်းထားလို့ ဒီစကားရပ်အပေါ်မှာ ကျွန်မတို့အနေနဲ့ ဝေဖန် အကြံပြုဖို့ မရှိပါဘူး၊ ကျွန်မတို့အနေနဲ့ကတော့ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ဖို့ ပြည်သူအကျိုးကို ပြုဖို့ ပြည်သူတွေရဲ့ ယုံကြည်အားကိုမှုကို ရဖို့ နိုင်ငံတကာ အဆင့်တန်းမီဖို့အတွက် ကျွန်မတို့အနေနဲ့ အတက်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောလိုပါတယ်။ ဟင်္သာမီဒီယာ။ ။ တရားရုံးကို တင်လာတဲ့ အမှုတွေကို အမှန်တရား ပေါ်ပေါက်အောင် ဘယ်လို ဆောင်ရွက်နေလဲ။ ဒေါ်ကြည်ကြည်စိန်း။ ။ ကျွန်မတို့အနေနဲ့ အဂတိကင်းရှင်းစွာ ဆောင်ရွက်နေတယ်၊ တရားစီရင်တယ်ဆိုတာက ကိုယ်ရဲ့ စိတ်ဆန္ဒတစ်ခုထဲနဲ့ ဆောင်ရွက်ရတာ မဟုတ်ပဲနဲ့ နှစ်ဘက် တင်ပြလာတဲ့ သက်သေခံချက်တွေ သက်သေထွက်ချက်တွေအပေါ်မှာ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ရတာ ဖြစ်တယ်၊ အဲဒီအပေါ်တွေမှာ တရားစွဲအဖွဲ့အစည်းတွေ ရှိလာတယ်၊ တရားစွဲအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတို့ ရှေ့နေတွေ ပါဝင်လာတယ်၊ နောက်ပြီး ပြည်သူတွေအနေနဲ့ကျတော့ ဒီအပေါ်မှာ မှန်မှန်ကန်ကန် ထွက်ဆိုချက်ပေးတာတို့ ကွယ်ဝှက်တာမရှိဘဲ အမှန်တိုင်း တင်ပြတာတို့ အဲဒီအချက်တွေ အစုံပါတယ်၊ ရုံးအမှုတွဲအပေါ်မှာ တရားရုံးက အခြေခံပြီး ဆုံးဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်လေကျတော့ အမှန်တရားနဲ့ လွဲခြင်းရင်လည်း လွဲနေမယ်၊ သို့သော် အမှုတွဲတွေအပေါ်မှာ ဆုံးဖြတ်ရပေမယ့် အမှန်တရားပေါ်အောင်တော့ ကျွန်မတို့အနေနဲ့ အဂတိကင်းရှင်းစွာ ဆောင်ရွက်နေတယ်လို့ပဲ ပြောချင်တယ်။ ဟင်္သာမီဒီယာ။ ။ လက်ရှိမှာ တရားသူကြီးတွေအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးအအတွက် ယခင်ကလို အမှုတွေနဲ့ ပတ်သက်ပြီး မြေပြင်ကွင်ဆင်း ဆောင်ရွက်မှုတွေ လုပ်နေသေးလား။ ဒေါ်ကြည်ကြည်စိန်း။ ။ မြေပြင်ထိ ကွင်းဆင်းတယ်ဆိုတာက လိုအပ်လို့ရှိရင် အခင်းဖြစ်တဲ့ နေရာကို သွားရောက် ကြည့်ရှု့ရမယ်လို့ ကျွန်မတို့ရဲ့ ပြဌာန်းထားတဲ့ ဥပဒေမှာ ရှိပါတယ်၊ လက်ရှိမှာလည်း အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခြင်းတော့ ရှိတယ်၊ ဒါပေမယ့် လျှောက်လွဲချက်တွေကိုတော့ မြေပြင်အထိ ကွင်းဆင်းဆောင်ရွက်ထားတာတော့ မရှိပါဘူး၊ တရားစီရင်တဲ့အခါမှာ လိုအပ်ဆိုရင် ဥပမာအားဖြင့် accident တစ်ခုဖြစ်လို့ရှိရင် အတက်တို့ အဆင်းတို့တွေက မြေပုံထဲမှာ မပေါ်တဲ့ အခါမျိုးတွေ ရှိတယ်၊ အဲဒီအခါမျိုးဆိုရင်တော့ သူကလည်း မြင့်တယ်၊ တစ်ဘက်ကလည်း သူမြင့်တယ်လို့ပြောရင် ဘယ်သူက မှန်လည်းဆိုတာက ရုံးအရှေ့မှာ ရှိနေတဲ့ သက်သေခံချက်တွေအရလည်း မလုံလောက်ဘူးဆိုတဲ့ ကိစ္စမျိုးတွေကိုတော့ သွားရောက်ကြည့်ရှု့ စစ်ဆေးတာတော့ ရှိခဲ့ပါတယ်။ ဟင်္သာမီဒီယာ။ ။ ဦးစီးမှူးအနေနဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ဘာများထပ်ပြီးတော့ ပြောချင်သေးလဲ။ ဒေါ်ကြည်ကြည်စိန်။ ။ ကျွန်မတို့အနေနဲ့က ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာပြီးတော့ တရားစီရင်ရေးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ ယုံကြည်မှုရှိလာတဲ့ တရားစီရင်ရေးဖြစ်လာဖို့အတွက် ကြိုးစားနေပါတယ်။
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...