မန်းဂျော်နီက ပြည်တွင်းပြည်ပက လူတွေကို သွေးခွဲစကားပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်

မန်းဂျော်နီက ပြည်တွင်းပြည်ပက လူတွေကို သွေးခွဲစကားပြောတယ်ဆိုတဲ့ သတင်းမှားဖြန့်

ပြည်တွင်းမှာ တော်လှန်ရေး လုပ်နေသူတွေကို ပြည်ပရောက် မြောက်ပေးသူတွေက ကိုယ်ချင်းစာ စိတ်ထားရန်နဲ့ လက်နက်တွေ ပို့ပေးမယ်ဆိုရင် အကုန်လုံးအတွက် စီစဉ်ပေးရမယ်ဆိုပြီး မန်းဂျော်နီ ပြောဆိုထားတယ် ဆိုတဲ့ သတင်းပို့စ် တစ်ခုဟာ Facebook လူမှုကွန်ရက် စာမျက်နှာ မှာ ပြန့်နှံ့နေတာကို တွေ့ရပါ တယ်။

အဲဒီ သတင်းပို့စ်ကို ရဲဘော်ကိုရဲ ဆိုသူက သူ့ရဲ့  Facebook Page ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ရေးတင် ထားတာဖြစ်ပြီး စာသားတွေနဲ့အတူ မန်းဂျော်နီနဲ့ ဒေါက်တာဇော်ဝေစိုးတို့ရဲ့ ဓာတ်ပုံကိုပါ အသုံးပြုပြီး  တွဲတင် ထားတာကို တွေ့ရပါတယ်။

ရဲဘော်ကိုရဲ ဆိုသူက “မကြာသေးခင်က အသက် (၈၀) ပြည့်တဲ့ တောတွင်းရောက် ဦးမန်းဂျော်နီက ပြည်တွင်း မှာ တော်လှန်ရေး တစ်ရပ်အား အောင်မြင်အောင် ခက်ခဲစွာ ရင်ဆိုင်နေကြရသူများကို ပြည်ပရောက် မြှောက် ပေးသူများ ကိုယ်ချင်းစာသင့်ကြောင်းနှင့် လက်နက်များ ပို့မည် ဆိုပါကလည်း မည်သည့် အဖွဲ့ကိုမှ မျက်နှာ မလိုက်ဘဲ ပေးပို့သွားနိုင်ရေး စီစဥ်ပေးကြရန် ပြောကြားခဲ့ကြောင်း မဲခေါင်သတင်းစာကနေ ပြောကြားခဲ့ ပါ တယ်” ဆိုပြီး (မူရင်း အရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မန်းဂျော်နီက သူ့ရဲ့ မွေးနေ့မှာ ရဲ့ဘော်ကိုရဲ ဆိုသူ ရေးတင်ထားသလိုမျိုး ပြောဆိုထားတာ မဟုတ်ပဲ အသက် ၈၀ နှစ် ပြည့်ပြီ ဖြစ်ပေမယ့် လူသားတွေအတွက်နဲ့ တိုင်းပြည်အတွက် လုပ်စရာ ရှိတာတွေ ကို ဆက်လက် လုပ်ဆောင်သွားမယ်ဆိုပြီး ပြောဆိုခဲ့လို့ပဲဖြစ်ပါတယ်။

အသက် ၈၀ နှစ်ပြည့် မွေးနေ့မှာ မန်းဂျော်နီက “အသက်ရှင်နေတုန်း တန်ဖိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်သွားဖို့ လူသားတွေအတွက် လုပ်ကိုင် ဆောင်ရွက်သွားဖို့ နိုင်ငံအတွက် လုပ်ကိုင်ဆောင်ရွက်သွားဖို့က သိပ်အရေးကြီး တယ်ကွ သားကြီးရဲ့။ ဒါကြောင့်မို့လို့ ငါ့ကျန်တဲ့ ၈၀ ပြည့်ပြီးလို့ တစ်ရက်စွန့်းလာတဲ့နေ့ကစပြီးတော့ ကျန်တဲ့အ စိတ်အပိုင်းမှာ ငါ့ဘ၀နဲ့ ငါ့အသက် တာကို ငါ့ကို ရွေးကောက်ထားတဲ့ ငါ့ကိုမဲပေးထားတဲ့ ပြည်သူလူထုတွေ အတွက်ရော နိုင်ငံတစ်နိုင်ငံလုံး အတွက်ရော ငါပေးဆပ်ဖို့ ပြည်သူလူထုရဲ့ လက်ဝယ်ကို ငါ့ဘ၀နဲ့ ငါ့အသက်ကို အပ်နှံလိုက်ပါတယ်ကွာ ဒါကို ကျန်းကျန်း မာမာနဲ့ လုပ်နိုင်အောင်ဆိုရင်တော့ ငါ့ရဲ့ ယုံကြည်ချက် ယုံကြည်ခြင်း အားဖြင့် ရဲရင့်ပြီးတော့ ဘုရားသခင်၌ အပ်နှံပြီးတော့ ငါလုပ်သွားမယ်ဆိုတာ ငါမင်းတို့ကို ကတိပေးပါတယ် ကွာ” လို့ပြောသွားခဲ့ပါတယ်။

မန်းဂျော်နီရဲ့ ပြောဆိုမှု ရုပ်သံ အပြည့်အစုံကို ဒီမှာ https://bit.ly/3sqAaZk ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် ရဲဘော်ကိုရဲဆိုသူရဲ့ ရေးသားချက်နဲ့ မန်းဂျော်နီရဲ့ ရုပ်သံပြောဆိုမှုတွေကို တိုက်စစ်ကြည့်လိုက်တဲ့ အခါ မှာ ရဲဘော်ကိုရဲ ဆိုသူ ရေးတင်ထားတဲ့ သတင်းပို့စ်ဟာ သတင်းအမှားဖြစ်တယ် ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ရဲဘော်ကိုရဲ ဆိုသူ ရေးသားထားတဲ့ သတင်းပို့စ်ကို ထပ်ဆင့်ဝေမျှသူ ၄၀ နီးပါးရှိနေပြီး ကြိုက်နှစ်သက်သူ နှင့် သဘောထား မှတ်ချက်ပေးသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိမှာ ဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်တဲ့ သတင်းအမှား၊ NUG ၊ CRPH ၊ PDF နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ နိုင်ငံခေါင်းဆောင်တွေ၊ နာ မည်ကြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အပြင် လူတစ်မျိုးနဲ့ တစ်မျိုး မုန်းတီး အောင်၊ လူမျိုးရေး ပဋိပက္ခကို ဖြစ်စေတဲ့ ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် သတင်းတု/သတင်းမှားတွေကို ရုပ်သံပုံစံမျိုးရော၊ အွန်လိုင်း သတင်းရေးသားမှုပုံစံမျိုးရော၊ နှစ်မျိုးစလုံး နဲ့ သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကိုတွေ့ရပါ တယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...