ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုတွင် နောက်ဆုံးသက်သေကို စစ်ဆေး

ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုတွင် နောက်ဆုံးသက်သေကို စစ်ဆေး

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများအမှုတွင် စစ်ဆေးရန်ကျန်ရှိနေသည့် နောက်ဆုံးသက်သေတစ်ဦးကို ယမန်နေ့ (ဒီဇင်ဘာလ ၂၀ ရက်)ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှုတွင်စစ်ဆေးရန်ကျန်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲမှူးခင်မောင်အေးမှာ ပြောင်းရွှေ့သွားပြီဖြစ်သဖြင့် ၎င်း၏ကိုယ်စား စခန်းမှူးကိုစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

“အမှုစစ်ကိုယ်စား ပုဏ္ဏားကျွန်းစခန်းမှူးကို စစ်ဆေးခဲ့တယ်။ ဒီနေ့မှာတော့ စစ်ဆေးလို့မပြီးခဲ့ဘူး။ နောက်တစ်ပတ်မှာစစ်ဖို့ ချိန်းထားတယ်။ အမှုစစ်ကတော့ အမှုနဲ့ပတ်သက်လို့ အဲလောက်အရေးမကြီးဘူး။ သူ့ရဲ့လုပ်ဆောင်ချက်တွေပဲ ထွက်ဆိုခဲ့တာ”ဟု ရှေ့နေဦးကျော်ညွှန့်မောင်ကပြောသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုတွင် သက်သေနှစ်ဦးဖြစ်သော ပုဏ္ဏားကျွန်းမြို့ (၅၅၀)တပ်ရင်းမှ ဗိုလ်မှူး မင်းရှမ်းမောင်နှင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ပုဏ္ဏားကျွန်းရဲစခန်းမှ ဒုရဲမှူး ခင်မောင်အေးတို့ကို မစစ်ဆေးနိုင်ဘဲ (၉)လအထိကြာမြင့်ခဲ့သည်။

ဗိုလ်မှူး မင်းရှမ်းမောင်မှာ ရခိုင်ပြည်နယ်မှပြောင်းရွှေ့သွားပြီဖြစ်သဖြင့် စစ်တွေခရိုင်တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိသည့်အတွက် ကော်မရှင်နာနှင့်စစ်ဆေးရန် တင်ပြထားခဲ့သော်လည်း လက်ရှိအချိန်ထိ မစစ်ဆေးနိုင်သေးပေ။

ယင်းကြောင့် ကော်မရှင်နာတရားရုံးသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အမှုကိုဆက်လက်စစ်ဆေးရန်အတွက် ပုဏ္ဏားကျွန်းရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲမှူး ခင်မောင်အေးကို ဆင့်ခေါ်ခဲ့ရာ ၎င်းမှာလည်းပြောင်းရွှေ့သွားပြီဖြစ်သဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ပုဏ္ဏားကျွန်းရဲစခန်းမှူးကို ကိုယ်စားစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄) နှစ်၊ ကိုမောင်ချေ(၂၄)နှစ်နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်၊ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း စစ်သားများက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်ခြင်းများ ရှိခဲ့သည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ အမှတ်(၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါပုဒ်မဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသားများတရားရင်ဆိုင်နေရသည်မှာ နှစ်ကာလရှည်ကြာလာသည့်နှင့်အမျှ မိသားစုဝင်များမှာလည်း ရုံးချိန်းသို့လာရောက်ရန် ငွေကြေးအခက်အခဲများရှိနေကြောင်း ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးကပြောသည်။

“အခုမုန့်လုပ်ပြီး ရောင်းနေတယ်၊ ရွာမှာလှည့်ပြီးရောင်းတာ။ အန်တီလည်း စိတ်တွေမွန်းကျပ်နေတယ်။ သားပြန်လွတ်ရင်တော့ အန်တီဒါတွေကို လုပ်စရာမလိုတော့ဘူး”ဟု ၎င်းကပြောသည်။

အမှုနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းရဲစခန်းမှ အမှုစစ်အရာကိုယ်စား စခန်းမှူးကို ဆက်လက်စစ်ဆေးရန် လာမည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါ ပုဏ္ဏားကျွန်းစခန်းမှူးကိုစစ်ဆေးပြီးပါက အမှုနှင့်ပတ်သက်၍ စွဲချက်လျှောက်လဲချက်ကြားနာသွားမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...