လေးကေ့ကော် စစ်ရှောင်များတောထဲတွင် ပိတ်မိနေ၊ အကူအညီများ လိုအပ်

လေးကေ့ကော် စစ်ရှောင်များတောထဲတွင် ပိတ်မိနေ၊ အကူအညီများ လိုအပ်

လေးကေ့ကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် နှစ်ထောင် နီးပါးခန့် တောထဲတွင် ပိတ်မိနေပြီး အကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမျိုးသမီးများ အဖွဲ့ချုပ် WLB အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက “အထူးသဖြင့် ကျမတို့ ဒီပြည်တွင်းမှာ ပိတ်မိနေတဲ့ တစ်ထောင်ကျော် နှစ်ထောင်နီးပါးလောက် ရှိတဲ့ဟာတွေလည်း ရှိတယ်။ အဲဒီလူတွေကိုလည်း ကယ်ထုတ်ဖို့ ဆွဲထုတ်ဖို့ကလည်း ပြင်ဆင်နေတယ်လို့ သိရတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ပိတ်မိနေသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် မနီးမဝေးဖြစ်နေသည့် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မဲ့ဝါးခီးဆိုသည့် နေရာသို့ ရောက်ရှိနေသည်ဟု သိရသည်။

“အခုကျတော့ သူတို့တွေက နယ်စပ်ဖက်ကိုပေါ့နော တစ်ဖြည်းဖြည်းနဲ့ ခေါ်ထုတ်လာတဲ့ ဟာတွေတော့ ရှိတယ် ပေါ့နော်။ ကျမတို့ သိရသလောက်ကတော့ အခုဆိုရင် နယ်စပ်မှာပဲ တစ်ချို့ကိုပဲ ပို့ထားတယ်ပေါ့နော်။ ဒါပေ မယ့် ထိုင်းဖက်ကိုပေါ့ မနေ့က ပို့တဲ့ နေရာကတော့ မရောက်သေးဘူးပေါ့။ အဲမှာ ခဏပို့မယ် တကယ်လို့ အခြေ အနေ ကောင်းသေးရင် အဲမှာခဏနေထားခိုင်းမယ်နော်။ တကယ်လို့ အခြေအနေ မကောင်းလို့ရှိရင်တော့ ဆက် ဝင်လာဖို့ စီစဉ်တယ်ပေါ့” ဟု နော်ဆဲဆဲ က ပြောသည်။

စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် အဓိက စားနပ်ရိက္ခာများကို  အလှူရှင်များက စီစဉ်ဆောင် ရွက် ပေးထားသော်လည်း လူဦးရေ ထောင်နှင့်ချီရှိနေသည့် အတွက် စားနပ်ရိက္ခာများမှာ ရက်ပိုင်းသာခံမည် ဖြစ် ပြီး ရက်ရှည်ကြာလာမည်ဆိုပါက ခက်ခဲလာနိုင်သည်ဟု WLB က ဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင်များကို ထပ်မံ ကူညီနိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်သည်ဟု ပြောသည်။

တောထဲတွင် ပိတ်မိနေသည့် စစ်ဘေးရှောင်ဦးရေ နှစ်ထောင်နီးပါး ရှိနေသကဲ့သို့ ထိုင်းနိုင်ငံဖက်ခြမ်းသို့  ရောက်ရှိ လာသည့် စစ်ဘေးရှောင် ဦးရေမှာလည်း နှစ်ထောင့်ငါးရာကျော် ရှိနေပြီဟု ဆိုသည်။

ထိုင်းနိုင်ငံဖက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ၏  နေထိုင်စားသောက်ရေးမှအစ လိုအပ်သည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး UNHCR က အဓိက တာဝန်ယူပေးသွားမည်ဟု သိရသည်။

သို့သော် လက်ရှိစစ်ဘေးရှောင်များ၏ လက်တလော နေထိုင်စားသောက်ရေးအတွက် ကရင် အရပ်ဖက်အဖွဲ့ အစည်းနှင့် အကူအညီပေးနေသည့် အဖွဲ့များက ကူညီဆောင်ရွက်ပေးနေသည်ဟု WLB က ပြောသည်။

နိုင်ငံတကာ အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုများကို  အဓိကထားဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု နော်ဆဲဆဲက ပြောသည်။

၎င်းက “ကျမတို့က အဓိက Cross – Border Aid ပေါ့နော။ သူက အရေးကြီးတာ ဖြစ်သလို Humanitarian  Aid ပေါ့နော်။ ဒီပဋိပက္ခတွေက ရှိနေသေးသရွေ့ကတော့ IDPs တွေ အခက်အခဲ ကြုံနေရတဲ လူတွေကတော့ ဒီအထူး သဖြင့် နယ်စပ်မှာ သူပြေးရင်ပြေးနိုင်သလောက် ပြေးနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ Cross - Border Aid ကိစ္စရပ်တွေကို အဓိက ဆက်ပြီးတော့ ပံ့ပိုးစေချင်တယ်ပေါ့နော်။ ကျမတို့ တောင်းဆိုချက်ကတော့ အဓိက ဖြစ်တယ်ပေါ့နော။ ပြီးတော့ တစ်ဖက်မှာလည်း ကျမတို့ စိုးရိမ်တာက ဒီစစ်တပ်ကနေ လေယာဉ် Air Strike ပေါ့နော်။ အဲဒီဟာတွေက ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ နိုင်ငံ တကာကလည်း ဒီလိုမဖြစ် အောင် လည်း ဖိအားပေးစေချင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က လေးကေ့ကော်မြို့သစ်ထဲသို့ ဝင်ရောက် စစ်ဆေးမှု များ လုပ်ဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူဦးရေ ၁၃ ယောက်နှင့် အထက်ကို ဖမ်းဆီး ခေါ်ဆောင် သွားသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့ သစ်ထဲသို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ကို ဝင်ရောက်ရှာဖွေသည်ဟု ဆိုကာ ထပ်မံဝင် ရောက်လာရာ မှ လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆို သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ကာ နီးစပ်ရာ ကျေးရွာများနှင့် ထိုင်းနိုင်ငံ ဖက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်သည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...