ဂျပန်နည်းပညာအရဆိုရင် ကျောက်မီးသွေးကထုတ်တဲ့ လျှပ်စစ် ဓာတ်အားဟာ စျေးနှုန်းအရ မသက်သာပါဘူး၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးကဏ္ဍမှာ ပြန်လည်အသုံးပြုရတဲ့ စရိတ်စကတွေနဲ့ဆိုလို့ရှိရင် ကုန်ကျစရိတ်အရမ်းမြင့်မားတယ်လို့လေ့လာသိရှိရပါတယ်

ဂျပန်နည်းပညာအရဆိုရင် ကျောက်မီးသွေးကထုတ်တဲ့ လျှပ်စစ် ဓာတ်အားဟာ စျေးနှုန်းအရ မသက်သာပါဘူး၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးကဏ္ဍမှာ ပြန်လည်အသုံးပြုရတဲ့ စရိတ်စကတွေနဲ့ဆိုလို့ရှိရင် ကုန်ကျစရိတ်အရမ်းမြင့်မားတယ်လို့လေ့လာသိရှိရပါတယ်
by -
သံလွင်တိုင်းမ်
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာသို့ တိုယို-ထိုင်းကုမ္ပဏီ မှတာဝန်ရှိသူများ၊ ပြည်နယ််အဆင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့ပါ၀င်တဲ့ အဖွဲ့တစ်ဖွဲ့ရောက်ရှိပြီး အမေရိကန်ဒေါ်လာသန်း ၂၇၀၀ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါ၀ပ် ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးလောင်စာသုံး အဆင့်မြင့်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်အပေါ် သဘာဝပတ်ဝန်းကျင်ထိခိုက်လာနိုင်မှုအပေါ်မူတည်ပြီး ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းအပေါ် ကန့်ကွက်သည့်အနေဖြင့် စီမံကိန်းအပေါ် ကန့်ကွက်ခဲ့ကြပါတယ်၊ အဲဒီနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲဲ့ကဦးဆောင်ကာ ဒေသခံအင်အား ၅၀၀ ကျော်က ရေးမြို့မှာ လမ််းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ လတ်တလော နိုင်ငံတကာ မီဒီယာတချို့မှာ မွန်ပြည်နယ်အတွင်း ၁၂၈၀ မဂ္ဂါ၀ပ်လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဟု ဖော်ပြလာမှုအပေါ် ယင်းစီမံကိန်းအား ပထမဦးစွာ ဦးဆောင်ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society- YSS) မှ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဒီဒေသမှာ စတင်ဝင်ရောက်ခဲ့စဉ်က ဆရာတို့အနေနဲ့ ဆောင်ရွက်ခဲ့မှုတွေကို သိပါရစေ။

ဖြေ - အံဒင်မှာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မယ်လို့သိရတဲ့အချိန်မှာ တပြိုင်နက်ထဲ ကျောက်မီးသွေးဆိုင်ရာ နည်းပညာ/ဆိုးကျိုးတွေနဲ့ပတ်သက်လို့ စာအုပ်တစ်ချို့ ကျွန်တော်တို့အဖွဲ့ရရှိခဲ့တယ်၊ ဒီစာအုပ်နဲ့အတူ ဆက်စပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ၊ သုတပိုင်းဆိုင်ရာ တွေကို စနစ်တကျလေ့လာမိတဲ့အချိန်မှာ ဒေသအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တာကိုသိရှိပြီး ကန့် ကွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လှုပ်ရှားမှုအနေနဲ့ကတော့ ပထမဦးဆုံး လေ့လာထားရသမျှတွေကို ဒေသခံတွေသိရှိနိုင်ဖို့ လက်ကမ်းစာစောင်တွေရိုက်နှိပ်ပြီး ဒေသတစ်ခုလုံးကို လှုပ်ရှားမှုအသွင်နဲ့ လိုက်လံဖြန့်ဝေခဲ့ကြတယ်၊ အစောပိုင်းအခြေအနေမှာ ဖွံ့ဖြိုးမှုရှိမယ်ထင်ပြီး လက်ခံနိုင်သူတွေရှိသလို လက်မခံနိုင်သူတွေလဲရှိပြီး အခက်အခဲတစ်ချို့ ရင်ဆိုင်ခဲ့ရတယ်၊ အဲဒီနောက်မှာတော့ ပြည်သူတွေ အနေနဲ့ ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကို သိရှိလာပြီး ဆန့်ကျင်သူတွေဘက် က အားကောင်းလာတဲ့အတွက် ဒုတိယအဆင့်အနေနဲ့ တီရှပ်ကမ်ပိန်းတစ်ခုကို လူပေါင်း ၁၅၀ ကျော်နဲ့ ဒေသအတွင်း လှည့်လည်သွားလာလှုပ်ရှားခဲ့ကြတယ်။ ပြီးတော့ စီမံကိန်းဆန့်ကျင်ကြောင်း ကန့်ကွက် လက်မှတ်တွေ စုဆောင်းခြင်းနဲ့ ပညာပေးဟောပြောခြင်းတွေ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ဆောင်ရွက်ခဲ့ပါတယ်၊ စုဆောင်းရရှိတဲ့လက်မှတ်တွေကို မွန်ပြည်နယ်လွှတ်တော်နဲ့ အစိုးရထံ တင်ပြခဲ့ တယ်။ ဒီနောက်ပိုင်းမှာ တိုယို-ထိုင်းက ဒေသခံအချို့နဲ့ သူတို့ရွေးခေါ်သွားတဲ့ကိုယ်စားလှယ်တွေကို ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံကို လေ့လာရေးခရီးပို့တဲ့အချိန်မှာ အချိန်ကိုက်အနေနဲ့ ဆန္ဒပြပွဲတစ်ခုကို အင်အား ၅၀၀ ကျော်နဲ့ ရေးမြို့မှ ပြုလုပ်ခဲ့တယ်။ အသိပညာပေးဆိုင်ရာ ဟောပြောပွဲများ၊ ဆွေး နွေးပွဲများ၊ လှုပ်ရှားမှုများဆက်တိုက်လုပ်ခဲ့သလို ဒေသတွငး်ထုတ်ဝေတဲ့ ရေးတော်ဝင်အခမဲ့သတင်း လွှာမှာလည်း အပတ်စဉ် ကျောက်မီးသွေးဆန့်ကျင်ရေးဆိုင်ရာ သတင်းများ၊ ပညာပေးဆောင်းပါးများ ဖော်ပြခဲ့ပါတယ်။ နောက်ပြီးတော့ စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များ၊ လှုပ်ရှား ဆောင်ရွက်မှုများတွေကို တစ်ချိန်လုံး စောင့်ကြည့်အကဲခတ်ချပြမှုတွေ လုပ်ခဲ့ပါတယ်၊ လုပ်လဲလုပ် နေဆဲပါ။

မေး - လက်ရှိအစိုးရလက်ထက်မှာ ကျောက်မီးသွေးနဲ့ပတ်သက်လို့ မဖြစ်မနေလုပ်မယ်ဆိုတဲ့ အသံ တွေထွက်လာသလို အံဒင်ဒေသဟုယူဆရတဲ့ မွန်ပြည်နယ်အတွင်း ကျောက်မီးသွေးစက်ရုံစီမံကိန်း သတင်းတွေထွက်ပေါ်လာနေမှုအပေါ် ဆရာတို့အနေနဲ့ ဘယ်လိုများ ဆက်လက်ဆောင်ရွက် သွားပါ့မလဲ။

ဖြေ - လက်ရှိအစိုးရကာလအခြေအနေအပြောခင် ယခင်အစိုးရတုန်းက ဆောင်ရွက်ခဲ့တဲ့ အချို့ကို ပြောပြချင်တယ်၊ အရင်အစိုးရလက်ထက်မှာ တိုယိုထိုင်းကုမ္ပဏီနဲ့ ပထမတဆင့် MOU နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့တယ်၊ ၂၀၁၅ ဧပြီမှာ MOA သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်၊ ကျွန်တော်တို့ဒေသခံတွေနဲ့ ကွန်ယက်အားလုံးရဲ့ အားကောင်းတဲ့ကန့်ကွက်မှုတွေကြောင့်သာ ဆိုင်းငံ့ တဲ့သဘောဖြစ်ခဲ့တာပါ။ စာချုပ်တွေက ပျက်ပြယ်မသွားသေးဘူး၊ ဒီအတွက် တိုယိုထိုင်းကုမ္ပဏီအနေနဲ့အကောင်အထည်ဖော်ဖို့ အချိန်မရွေးကြိုးစားနေမှာပါ၊ ဘာလို့လဲဆိုတော့ သူရဲ့ရင်းနှီးမြှုပ်နှံမှုကလည်း ဒီဒေသမှာ အထိုက်အလျောက်ရှိနေတယ်ဆိုတာကို သိထားရလို့ပါ။ ယခုအစိုးရလက်ထက်မှာ လျှပ်စစ် မူဝါဒအရ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကိုဖြည့်ဆည်းဖို့ ကျောက်မီးသွေးဟာ စျေးအသက်သာဆုံး၊ အမြန်ဆုံးဆိုတဲ့ပုံစံနဲ့ အကောာင်အထည်ဖော်ဖို့ကြိုးစားလာတာကို တွေ့ရပါတယ်၊ NLD က ဦးဝင်းထိန် ရဲ့ပြောစကားရယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ရဲ့ ကျောက်မီး သွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေလုပ်လိုတဲ့ ပြောစကားတွေဟာ သူတို့အစိုးရရဲ့မူဝါဒလို့ မြင်မိတာပဲ၊ ဒါဟာ လုံးဝမဖြစ်သင့်ဘူး၊ လျှပ်စစ်စွမ်းအင်လိုအပ်ချက်တစ်ခုတည်းကိုကြည့်ပြီး ပြည်သူ့ ဆန္ဒနဲ့ ဆိုးကျိုးတွေကို ဥပက္ခာပြုလုပ်ဆောင်လာရင်တော့ ကျွန်တော်တို့အနေနဲ့ ဒေသခံတွေနဲ့အတူ ဆက်လက်ကန့်ကွက်သွားမှာပါ။ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်သလို နည်းလမ်းပေါငး်စုံနဲ့ ဆန့်ကျင် ကန့်ကွက်သွားမှာပါ။

မေး - သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး အဆင့်မြင့်နည်းပညာနဲ့လုပ်မယ်လို့ ဆိုနေကြတဲ့ အပေါ်မှာ ဆရာအမြင်လေးသိပါရစေ။

ဖြေ - နည်းပညာနဲ့ပတ်သက်လို့ရှိရင်တော့ ကျွန်တော်တို့အနေနဲ့ ပညာရှင်တွေမဟုတ်တဲ့အတွက် အသေးစိတ်ပြောဖို့ကခက်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့မှာရှိတဲ့ ဆရာအချို့ရဲ့ထဲထဲဝင်ဝင် လေ့လာထားမှုတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြုပညာရှင်တွေ၊ ပြည်သူတွေအားကိုးရတဲ့ နည်းပညာ ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တွေရဲ့ လေ့လာတင်ပြမှုတွေအရ ကျွန်တော်တို့သိထားထာက ဒီနည်းပညာဟာ လိမ်လည်မှုတစ်ခုလို့ပဲမြင်ပါတယ်၊ အကောင်းဆုံးနည်း ပညာကို တီထွင်အသုံးပြုနေတဲ့ဆိုတဲ့့ ဂျပန်နည်းပညာအရဆိုရင် ကျောက်မီးသွေးကထုတ်တဲ့ လျှပ်စစ် ဓာတ်အားဟာ စျေးနှုန်းအရ မသက်သာပါဘူး၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ကျန်းမာ ရေးကဏ္ဍမှာ ပြန်လည်အသုံးပြုရတဲ့ စရိတ်စကတွေနဲ့ဆိုလို့ရှိရင် ကုန်ကျစရိတ်အရမ်းမြင့်မားတယ်လို့လေ့လာသိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီနည်းပညာကို သုံးစွဲမယ်ဆိုတာနဲ့ ပတ်သက် လို့လဲ ယုံကြည်မှုမရှိပါဘူး၊ လက်လဲလက်မခံပါဘူး။

မေး - အံဒင်ဒေသမှာ စီမံကိန်းစတင်ဝင်ရောက်စဉ်ကာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ဒေသခံတွေရဲ့ အနေအထားက ဘယ်လိုများရှိနေပါသလဲ။

ဖြေ - အံဒင်ဒေသဟာ ဒီစီမံကိန်းလုပ်မယ်ဆိုတာရောက်မလာခင်က သယံဇာတပေါများပြီး တကယ့်ကို လှပအေးချမ်းတဲ့ဒေသတစ်ခုပါ၊ ပြောရရင် သီးသန့်လည်းဆန်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်၊ အဲဒီ နောက်ပိုင်းမှာတော့ စီမံကိန်းနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ၊ ဆောင်ရွက်မှုတွေသူတွေ အဝင်အထွက် များလာပြီး ရှုပ်ထွေးမှုတွေ စဖြစ်တော့တာပါပဲ၊ စီမံကိန်းအတွက် မြေယာစုဆောင်းဝယ်ယူမှုတွေရှိလာ တယ်၊ ပိုင်ဆိုင်မှုအငြင်းပွားမှုတွေဖြစ်လာတယ်၊ စီမံကိန်းကိုကန့်ကွက်သူတွေနဲ့ ထောက်ခံသူလူနည်းစု တွေကြားထဲမှာ ပဋိပက္ခအသွင်ဆောင်တဲ့ လူမှုရေးပြဿနာတွေဖြစ်ပေါ်လာတယ်၊ စည်းလုံးမှုတွေ ပြိုကွဲလာကြတယ်၊ ဒါနဲ့တပြိုင်ထဲမှာပဲ အများစုဖြစ်တဲ့ စီမံကိန်းဆန့်ကျင်သူတွေအနေနဲ့ စနစ်တကျကန့် ကွက်နိုင်ဖို့အတွက် လေ့လာမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ကြိုးစားရုန်းကန်မှုတွေ၊ လုပ်ကိုင်ရင်း သဘာဝပတ်ဝန်းကျင်ဆိုင်အသိပညာတွေမြင့်မားလာသလို မိမိဒေသအပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ အတူ စုရုံးမှုအားကောင်းလာတယ်လို့မြင််မိတယ်။ ဥပမာအနေနဲ့ပြောရရင် သူတို့ဒေသရဲ့ သယံဇာတ ပေါကြွယ်ဝမှုကို ဒေသခံများကိုယ်တိုင် စစ်တမ်းကောက်ယူပြီး လူမှုစီးပွားဖြစ်ထွန်းပုံ သုတေသန စာတမး်တစ်စောင် ထုတ်ဝေနိုင်တဲ့အဆင့်အထိ ဖြစ်လာတယ်။ အလားတူ လူမှုအဖွဲ့အစည်းကွန်ယက် တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီးဆောင်ရွက်နိုင်တဲ့အနေအထားထိဖြစ်နေပြီဆိုတာ တွေ့ရတယ်။ ဒီစီမံကိန်းပြန်လည်စတင်မယ်လို့ကြားနေရ တာနဲ့ပတ်သက်လို့လဲ ဒေသခံတွေက စနစ် တကျကန့်ကွက်နိုင်ဖို့ ပြင်ဆင်နေကြပြီလို့ သိရတယ်။

မေး - လက်ရှိ အံဒင်ဒေသမှာလုပ်မယ့်စီမံကိန်းအပေါ် နောက်ဆုံးကြားသိခဲ့ရသမျှတွေကို ပြောပြ ပေးပါ။

ဖြေ - ဒီသတင်းက မေလလောက်ကစပြီး ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေရဲ့ မူဝါဒအချို့ ထုတ်ဖော်ခဲ့ရာကစပြီး သတိထားမိခဲ့တယ်။ နောက်ပြီးတော့ တိုယိုထိုင်းကုမ္ပဏီရဲ့ မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ့် သတင်းတစ်ခုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်းသတင်းစာရဲ့ ဇွန်လ ၁၀ သတင်းတစ်ပုဒ်မှာ စီမံကိန်းနဲ့ပတ်သက်တဲ့ အစီအစဉ်ကို တိတိကျကျဖော်ပြလာခဲ့တယ်၊ ဒီမတိုင်ခင် တုန်း ဧပြီလကကျငး်ပခဲ့တဲ့ တိုယိုထိုင်းကုမ္ပဏီရဲ့ ရှယ်ယာမန်ဘာအစည်းအဝေးမှာလဲ ဆက်လုပ်နိုင် မယ့်အလားအလာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အချက်အလက်အချို့ကိုလဲ ရထားပါတယ်၊ အဲဒီနောက်မှာတော့ ဒီစီမံကိန်းပြန်လည်လုပ်ဆောင်မယ့်သတင်းက ကျယ်ပြန့်စွာတွေ့လာရပြီး သဘာ ၀ပတ်ဝန်းကျင်ဆိုင်ရာ မိတ်ဆွေပညာရှင် တစ်ဦးဆီကကြားရတဲ့သတင်းအရ တိုယိုထိုင်းဘက်ကဒေသခံတွေကပဲ သဘောတူသယောင်နဲ့ အမြန်ဆုံးအကောင် အထည်ဖော်မယ်ဆိုပြီး ပြင်ဆင်နေ တယ်လို့ ကြားသိရတယ်၊ ဒါ့အပြင် သူတို့မြေဝယ်ထားတယ်ဆိုတဲ့ အံဒင်ဒေသမှာလဲ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က တရားမဝင်မြေယာရောင်းဝယ်မှုနဲ့ပတ်သက်ပြီး လူစုလူဝေးဖြင့် ကန့်ကွက်ခြင်းခံရတာကို အမှုဖွင့်ခဲ့တဲ့ကိစ္စဟာ မပြီးပြတ်ပဲ ငြိမ်နေခဲ့ရာက ယခုလမှာ ပြန်လည်အစဖော်ပြီး တရားစွဲတင်ဖို့ ဆောင်ရွက်လာတယ်၊ ဒါဟာ ဒီဖြစ်စဉ်ရဲ့နောက်မှာ ဖိအား ဒါမှမဟုတ် လိုလားချက်တစ်ခုခုရှိမယ်လို့ ကျွန်တော်ထင်တယ်။

မေး - ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် ကျောက်မီးသွေးမဟုတ်ပဲ အခြားနည်းနဲ့ရရှိလာနိုင်မယ့်အပေါ် ဆရာတို့အနေနဲ့ အစိုးရကို ဘယ်လိုများအကြံပြုချင်ပါသလဲ။

ဖြေ - ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေ ဥပမာ - ရေအား၊ လေအား၊ နေရောင်ခြည်၊ ဒီရေ စတဲ့ အရင်းအမြစ်တွေကို သုတေသနပြုလေ့လာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနဲ့ထုတ်နိုင်မယ့် လျှပ်စစ်စွမ်းအင်ရရှိရေးကို ပညာရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေဆောင်ရွက်စေချင်တယ်၊ ဒါ့အပြင် လူမှုဝန်းကျင်ဆိုင်ရာ၊ သဘာဝပတ်ဝနး်ကျင် ဆိုင်ရာ ထိခိုက်နိုင်မှုကိုလည်း သေချာလေ့လာစေချင်သလို ထိန်းသိမ်းနိုင်မယ့် ဥပဒေတွေ၊ စံနှုန်းတွေ ကိုလည်း စနစ်တကျ ရေးဆွဲပြင်ဆင်ထားစေချင်ပါတယ်၊ ဒီအပေါ်တွေကရတဲ့ အဖြေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့်နည်းလမ်းကိုသုံးပြီး လျှပ်စစ်ဓါတ်အားရယူဖို့ ဆောင်ရွက်စေချင်တယ်။

မေး - သီးခြားပြောချင်တာများရှိရင် ပြောပေးပါဆရာ။

ဖြေ - ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်တဲ့နည်းပညာဟာ ယနေ့ကာလမှာ ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင်များပျက်စီးယိုယွင်းလာမှုတွေကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ အသုံးမပြုဖို့ စဉ်းစားလာတဲ့နည်း ပညာဖြစ်ပါတယ်၊ ဒါ့အပြင် ဖျက်သိမ်းနေတဲ့ နိုင်ငံတွေလည်း အများအပြားပါ၊ ကျွန်တော်နားလည်သလောက်ပြောရရင် ဖျက်သိမ်းတယ်ဆိုက တည်းက မကောင်းလို့ဘဲပေါ့၊ ဒါကို ကျွန်တော်တို့နိုင်ငံအနေနဲ့ အခြားနည်းလမ်းတွေအသုံးပြုစရာရှိပါ ရဲ့နဲ့ စတင်အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုတာကို လုံးဝလက်မခံချင်ဘူး၊ အဲဒီအတွက် ဒေသခံတွေနဲ့အတူ ဆက်လက်ကန့်ကွက် သွားမှာပါ။ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် အများပြည်သူရဲ့ ဆန္ဒမပါဘဲမလုပ်ပါဘူး ဆိုတဲ့စကားတွေရှိထားတဲ့အပေါ်မှာမေးခွန်း ထုတ်ချင်ပါတယ်။ ဒီမိုကရေစီ ကျင့်ဝတ်နဲ့အညီပြုကျင့်ဖို့တော့လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...