စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့)တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေယာဉ်များပါ အသုံးပြုနေသည်ဟု ကိုးကန့်အဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပူကျေးရွာအုပ်စု နုတ်ဂုတ်ရွာက တောင်ကြောတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လေယာဉ်များပါ အသုံးပြုခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မနေ့က တိုက်ပွဲက မနက်ပိုင်းကနေ နေ့လည်ပိုင်း တစ်နာရီ နှစ်နာရီအထိ ဖြစ်တာ။ တိုက်ပွဲက လက်နက်ကြီး ရော လက်နက်ငယ်တွေနဲ့ရော ပစ်တယ်။ ပြီးတော့ လေယာဉ် နှစ်စီးပြန်လာတယ်။ ရွာကစာသင်ကျောင်း လက် နက်ကြီးကျတာက မယ်ဟန် တိုးဂိတ်နားက ကျောင်းလို့ပြောတယ်။ နည်းနည်းထိခိုက်ပျက်စီးတာရှိတယ်။ ရွာ သားတွေတော့ ထွက်ပြေးတာမရှိဘူး။ တိုက်ပွဲဖြစ်တော့ ခနပုန်းလိုက်ကြတာပါ။ ဒီနေ့ကတော့ ငြိမ်နေတယ်။ ဘာသံမှတော့ မကြားသေးဘူး။ တစ်ရွာလုံးကတော့ အဆင်သင့်အနေအထားမျိုးတော့ ရှိနေရတာပေါ့” ဟု လားရှိုးဒေသခံ တစ်ဦး က ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့အကြားက တိုက်ပွဲတွင် လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အပြင် စစ်တပ်ဘက်က ဝေဟင်ထိုးစစ် လေယာဥ် ၂ စီး အသုံးပြုခဲ့သည်။
စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း သံလွင်မြစ်အနောက်ဘက် မုံးကိုး မန်ရန်တပ်စခန်းကို လက်နက်ကြီးနှင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ ပြီး ယနေ့အချိန်ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေသည်ဟု ကိုးကန့်တပ်ဖွဲ့က ပြောသည်။
“စစ်ကောင်စီသည် သံလွင်မြစ်အနောက်ဘက်ရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ကိုးကန့် နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် စစ်ကောင်စီသည် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA(ကိုးကန့်)၏ မန်ရန်တပ်စခန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီသည် ခြေလျင်တပ်ဖွဲ့ဖြင့် ၎င်းတပ်စခန်းနှင့် မီတာ(၂၀-၃၀) အကွာမှ သေနတ်ပစ်ဗုံး နှင့် အခြားသောလက်နက်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ဒီဇင်ဘာလ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် လားရှိုးမြို့နယ်ထဲတွင် နှစ်ဖက်ကြား တိုက်ပွဲက ငြိမ်နေသော်လည်း စိတ်ချရသည့် အနေအထားမျိုးမရှိ သေးသည့်အတွက် အသင့်အနေအထားမျိုး နေနေရသည်ဟု လားရှိုးနှင့် သီပေါကြားရှိ နုတ်ဂုတ်ကျေးရွာက ဒေသခံများက ဆိုသည်။
တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လားရှိုး-သီပေါအထွက် တိုးဂိတ်အနီးရှိ မယ်ဟန်ကျေးရွာက စာသင်ကျောင်း ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဒီဇင်ဘာလ တတိယအပတ်အတွင်း ကိုးကန့်၊ လုံခမ်း နှင့် တာဟေ့တောင်တန်းတွင် အခြေချသည့် စစ်ကောင်စီ၏ လက်နက်ကြီးစခန်းသည် သံလွင်မြစ်အနောက်ဘက်ရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၏ တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAA က ပြောသည်။
စစ်ကောင်စီသည် မုံးကိုးခရိုင်ရှိ ကျိကျတောင်တန်းကို လက်နက်ကြီးကျည် အကြိမ် ၅၀ ကျော်၊ လှိုင်ရှိန်တောင် တန်းကိုလည်း လက်နက်ကြီးကျည် အကြိမ်ရေ ၂၀ ကျော်ခန့် ပစ်ခတ်ခဲ့သည်။