NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ၏ မြစ်ကြီးနားမြို့ က နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည့်အပြင် ဘဏ်အကောင့်ကိုလည်း ပိတ်လိုက်သည်ဟု မြို့ခံများ က ပြောသည်။
ဒီဇင်ဘာ လ ၁၆ ရက်နေ့၊ နံနက်က ရဲတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ Summer House ကချင်ရိုးရာစားသောက်ဆိုင်အနီးရှိ ဝန်ကြီးဒေါက်တာတူးခေါင် နေအိမ်ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
"ရဲတွေအများကြီးတွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရော ပါတယ်။ အိမ်ကိုလာပိတ်တာက စစ်သားတွေ တော့ မတွေ့ဘူး။ အိမ်စီးကားတွေနဲ့ ရောလာတာ" ဟု ရပ်ကွက်အတွင်းက အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသမီးတစ်ဦး က ပြောသည်။
ယခု ချိပ်ပိတ်လိုက်သည့် စီတာပူကနေအိမ်သည် Jubilee နာမည်ဖြင့် ကော်ဖီဆိုင်ဖွင့်ထားခြင်း ဖြစ်ပြီး Dr. Tu Hkawng ၏ ဘဏ်စာရင်းကိုလည်း ပိတ်လိုက်သည်ဟု သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဒေါက်တာတူးခေါင်က “ဘဏ်က ငွေလည်း အကုန်သိမ်းပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် (Dr. Hkalen Tu Hkawng) ၏ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂၀ ဝန်းကျင်ခန့်က ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်တွင် လာရောက်ဝန်းရံပြီး ချိပ်ပိတ်သွားခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ က ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ နေအိမ် နှစ်လုံးကိုလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် ချိပ်ပိတ်လိုက်သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။