ဖားအံအလင်းတန်းကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ စောကျော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဖားအံအလင်းတန်းကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ စောကျော်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း။
by -
ကေအိုင်စီ
စောကျော်မိုးသည် အသက် ၃၈ နှစ်ရှိ ကရင်လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကရင်ပြည် နယ်၊ ဖားအံမြို့ အ.ထ.က(၃)ကျောင်းတွင် ၁၀ တန်းအောင်မြင်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက် ၂၀၀၂ ခုနှစ်မှာ ရုက္ခဗေဒ(Botany) ဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှာ စီးပွားလောကတွင် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီးနောက် လျှပ်စစ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းကိုသာ တစိုက်မတ်မတ် လုပ်ကိုင်လာသူဖြစ်ပြီး ဖားအံ အလင်းတန်း ကုမ္ပဏီကို စတင်တည်ထောင်သူအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ NLD အစိုးရသစ်တက်လာပြီးနောက် ကရင်ပြည်နယ်တွင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်မှု အခြေအနေနှင့် တိုင်းရင်းသားဒေသခံကုမ္ပဏီတို့၏ အခန်းကဏ္ဍ အခြေအနေကို သိရှိရန်အတွက် ကရင်ပြည်နယ်၊ ဖားအံအလင်းတန်းကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ စောကျော်မိုးအား ကေအိုင်စီမှ သွားရောက်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ မေး။    ။ အစ်ကိုတို့ ကုမ္ပဏီအကြောင်း ပြောပြပေးပါဦး။ အစ်ကိုတို့ရဲ့ ကုမ္ပဏီအကြောင်းပြောရရင်တော့ ပထမတော့ အစ်ကိုက သူများနောက်လိုက်ပဲဖြစ်တယ်။ နောက်ပိုင်းတော့ အစ်ကိုရဲ့သူငယ်ချင်းတစ်ဦးက အခက်အခဲလေးတစ်ခုဖြစ်သွားတယ်။ သူလုပ်တဲ့ ၀မ်းဆဲဗင်း မီးဓါတ်တိုင်တွေ တစ်တိုင်မှ မရောင်းရဘူး။ ဒေသခံလည်းဖြစ်ရဲ့သားနဲ့ပေါ့။ အဲတော့ အစ်ကိုတို့လည်း နည်းနည်းလေးတော့ ခံစားရတယ်။ ဒီဒေသမှာ ဓါတ်တိုင်အရည်အသွေးပြည့်မီရဲ့သားနဲ့ ဘယ်သူမှမသုံးကြဘူး။ အဲဒီအခါကျတော့ အစ်ကိုတို့ ခံစားချက်ဖြစ်ပြီး တော့ ဒီ ကုမ္ပဏီ စတင်ထောင်ဖို့ အစ်ကိုတို့ဖွဲ့စည်းဖြစ်သွားတယ်။ ဖားအံအလင်းတန်း ကုမ္ပဏီကို ၂၀၁၆ ခုနှစ်၊ ၉ လပိုင်းမှာ စတင် တည်ထောင်ဖြစ်တယ်။ မေး။    ။ ပြည်နယ်အစိုးရသစ်လက်ထဲမှာ လျှပ်စစ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရက တင်တာ(စျေးပြိုင်ကမ်းလှမ်းသည်)ခေါ်ယူတဲ့အခါ အစ်ကိုတို့ ကုမ္ပဏီက တင်တာတင်ဖြစ်လား။ စတင်တည်ထောင်ပြီးချိန်မှာ ပြည်နယ်အစိုးရမှ ခေါ်ယူတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့တင်တာ တစ်ခုလွတ်သွားပါတယ်။ ဒီ ၂၀၁၇ ခုနှစ်၊ ၆ လပိုင်းမှာတော့ ပြည်နယ်အစိုးရခေါ်ယူတဲ့ လျှပ်စစ်တင်တာကို အစ်ကိုတို့ ၀င်ဆွဲခွင့်ရတယ်။ အစ်ကိုတို့ ကုမ္ပဏီက ပဏာမ ၃ လောက်အောင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အကုန်လုံးပြန်ပြုတ်သွားတယ်ပေါ့နော်။ မေး။    ။ ကရင်ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားကုမ္ပဏီ ဘယ်လောက်ရှိပါသလဲ။ လောလောဆယ်မှာတော့ အစ်ကိုတို့ သိထားသလောက်တော့ ဒေသခံတိုင်းရင်းသားကုမ္ပဏီက စုစုပေါင်း ၄၀ ကျော် လောက်ရှိမယ်ထင်တယ်။ မေး။    ။ NLD အစိုးသစ် တက်လာတဲ့နောက်ပိုင်း ကရင်ပြည်နယ်မှာ ပြည်နယ်အစိုးရမှ ဒေသခံတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းတွေကို ဘယ်လောက်ဖန်တီးပေးနိုင်သလဲဆိုတာ သုံးသပ်ပေးပါ။ အစ်ကိုတို့ လူမျိုးတွေက စာဖတ်ဖို့လိုတယ်။ အရာရာကို သူများပါးစပ်ဖျားမှာပဲ လမ်းမဆုံးဖို့တော့လိုတယ်။ သူများတွေက ဒေသခံတွေ အလုပ်အကိုင်ရရှိရေးဆိုပြီး ခဏခဏသုံးပြီးတော့ တကယ်ရ၊ မရဆိုတာကို အစ်ကိုတို့ တိုင်းရင်းသားအ နေနဲ့ပြန်ပြီးသုံးသပ်ရမယ်။ တိုင်းရင်းသားကုမ္ပဏီအနေနဲ့လည်း သုံးသပ်ရမယ်။ ပြီးခဲ့တဲ့ လျှပ်စစ် တင်တာကိုကြည့် လိုက်…အဝေးက ကုမ္ပဏီတွေပဲ အောင်သွားတယ်။ ဒေသခံတိုင်းရင်းသားကုမ္ပဏီတွေက အနည်းငယ်ပဲအောင်ကြတယ်။ ဒီနှစ် ၂၀၁၇၊ ၆ လပိုင်းမှာ ဖွင့်ခဲ့တဲ့ လျှပ်စစ်တင်တာမှာလည်း ဒေသခံတွေ ကုမ္ပဏီတွေက အနည်းစုလောက်ပဲရပြီးတော့ အဝေးက အခြားကုမ္ပဏီတွေကတော့ ၃၀ ကျော် လောက်အောင်သွားကြတယ်။ ဒေသခံတွေဆိုတဲ့ စကားကို သုံးသုံးပြီးတော့ တကယ်တမ်းကျတော့ ဒီဒေသခံတွေ အလုပ်အကိုင်ရ၊ မရဆိုတာက လက်ရှိအာဏာရအစိုးရမှ လူကြီးပိုင်းတွေပြန်သုံးသပ်ဖို့သင့်တယ်။ ဥပမာ…မော်လမြိုင်တို့ဘက်ကဆိုရင် တိုင်းရင်းသားဒေသခံကုမ္ပဏီတွေ ဦးစားပေးပြီး အားလုံးယူပြီးမှ ကျန်တာတွေကို အဝေးက အခြားကုမ္ပဏီတွေကို ပြန်ပေးလုပ်ကြတယ်။ အခုကျတော့ ကရင်ပြည်နယ်က အဲလိုမဟုတ်ဘူး။ အဝေးကုမ္ပဏီတွေယူလို့ မကုန်တော့မှ ဒေသခံကုမ္ပဏီတွေကို မစို့မပို့လေး ပြန်ပေးတဲ့ပုံစံလိုဖြစ်နေတယ်။ လက်ရှိအချိန်မှာ ပြည်နယ်အစိုးရက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေလဲဆိုတာ မသိဘူး။ အခြား အလုပ်အကိုင်တွေလည်း သိပ်မသိဘူး။ အစ်ကိုတို့လုပ်ငန်းနဲ့ဆိုင်တဲ့ကဏ္ဍတွေမှာတော့ ဒေသခံတွေ အတွက် ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းလာတယ်။ အဝေးက လူတွေပဲ လာလုပ်သွားတာပဲ မြင်တယ်။ လက်ရှိ ၂၀၁၇ ခုနှစ် တင်တာကိုပဲကြည့်လိုက် အဝေးက ကုမ္ပဏီတွေပဲ ပြည်နယ်အစိုးရပေးပြီးတော့ အဝေးက ကုမ္ပဏီပဲလာ လုပ်ဖို့ဖြစ်တဲ့အတွက် ဒေသခံအလုပ်အကိုင်အခွင့်အလမ်းတွေ ပိုနည်းသွားတယ်လို့ပဲ မြင်တယ်။ မေး။    ။ ကရင်ပြည်နယ်အစိုးရက ဒေသခံတိုင်းရင်းသားကုမ္ပဏီတွေ ဦးစားမပေးမှုအပေါ်မှာ အစ်ကိုတို့အနေနဲ့ ဘာတွေပြောချင်တယ်။ အစ်ကိုတို့လည်း ခံစားရတယ်။ တစ်ချိန်က စစ်ဘေးစစ်ဒဏ်တွေ၊ ပေါ်တာဆွဲခံရတဲ့ဒဏ်တွေ၊ မဖွ့ံဖြိုးမတိုးတက်တဲ့ ဒဏ်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိခဲ့တဲ့ဒဏ်တွေဟာ အစ်ကိုတို့တွေ အလူးအလဲခံစားခဲ့ရတယ်။ ကိုယ့်လူမျိုးတွေ တစ်ဘက် ထိုင်းနိုင်ငံမှာ ရောက်ကုန်သွားကြတယ်။ နည်းနည်းငြိမ်းချမ်းလာပြီးဖွံ့ဖြိုးလာတဲ့အခါ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကိုတော့ ကိုယ့်လူမျိုးတွေက မခံစားကြရဘူး။ မေး။    ။ ဒေသခံတိုင်းရင်းသား အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုလုပ် ပေးစေချင်ပါသလဲ။ ကရင်ပြည်နယ် အစိုးရအနေနဲ့ကြတော့ သူတို့ပြောတဲ့စကားလုံးအတိုင်း ဒေသခံတွေအလုပ်အကိုင်ရရှိရေး စကားကို သုံးသုံးပြီးတော့ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ဥပမာ…လျှပ်စစ်တင်တာပဲဖြစ်ဖြစ်၊ အခြားတင်တာ ပဲဖြစ်ဖြစ် ကုမ္ပဏီ ပေါင်း ၄၀ ကျော်ရှိရင် ဒေသခံတွေကို ၂၀ ကျော်လောက်ပေးခဲ့ရင် ဒေသခံလူငယ်တွေလည်း အလုပ်အကိုင်အခွင့် အလမ်းတွေရလာမယ်။ နောင်တစ်ချိန်မှာ ပြည်နယ်အတွက် ဒီဒေသခံကုမ္ပဏီတွေကပဲ ဒေသဖွံ့ဖြိုးရေးတွေ ပြည်နယ်ဖွံ့ဖြိုး ရေး ၀င်ရောက်ကူညီလုပ်ဆောင်နိုင်တယ်။ အဝေးက အခြားကုမ္ပဏီတွေ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်တွေကို အကူညီတောင်းခံဖို့ မလွယ်ဘူး။ ဒေသခံကုမ္ပဏီဆိုရင်တော့ သူ့ဒေသခံဖြစ်တဲ့အတွက်ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းကို သူ့ဒေသမှာပဲ သူလုပ် ဆောင်မှာပေါ့။ ကူညီနိုင်မှာပေါ့။ ပြည်နယ်အစိုးရ အနေနဲ့ ဒီဒေသခံကုမ္ပဏီတွေ ဘယ်လောက်ရှိလဲ။ ဒေသခံကုမ္ပဏီတွေကို ဖွ့ံဖြိုးတိုးတက်လာအောင် ကူညီအားပေးသင့်တယ်။ မေး။    ။ ကရင်ပြည်နယ်မှာ ရှိနေကြတဲ့ ဒေသခံကုမ္ပဏီတွေကို ဘာတွေပြောကြားချင်လဲ။ ဒီဒေသ အတွင်းမှာရှိနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေသော်လည်းကောင်း၊ ကုမ္ပဏီရှင်တွေလည်းကောင်း အားလုံး ကွန်ယက်လေးတွေဖွဲ့ပြီးတော့ ပူးပေါင်းသင့်ပြီးလို့ထင်တယ်။ ပြီးတော့မှ အခြေအနေအရပ်ရပ်ကို ၀န်ကြီးချုပ် ဆီ တင်ပြဖို့တော့လိုလာပြီးလို့ ထင်တယ်။ ဒါမှမဟုတ်လို့ဆိုရင်တော့ အစ်ကိုတို့ ပွင့်ပွင့်လင်း လင်းပြောရရင် တစ်ချိန်က မဖွံ့ဖြိုးတဲ့ဒေသကနေ နည်းနည်းလေးဖွံ့ဖြိုးလာတဲ့ကုမ္ပဏီတွေဆိုတော့ အဝေးကကုမ္ပဏီတွေကို ယှဉ်လို့ မနိုင်ဘူးပေါ့နော်။ သူတို့မှာက အစစအရာရာပြည့်စုံနေပြီး။ ဒီဒေသမှာ အရင်က ဒုက္ခတွေကို ဘာမှ သူတို့ မခံစားခဲ့ရဘူး။ ဘယ်ဒေသတွေမှာ ဘယ်လိုသွားနိုက်စားရမလဲဆိုတာကို သူတို့ကတော့ ကြိုမြင်ကြတယ်ပေါ့နော်။ တိုင်းရင်းသားအနေနဲ့ ဒါတွေကို မလုပ်ဘူး။ တိုင်းရင်းသားကုမ္ပဏီတွေ ရေရှည်ရပ်တည်နိုင်ဖို့ အချင်းချင်းပူးပေါင်းပြီး စစ်မှန်တဲ့စေတနာနဲ့ ဒီကရှိနေကြတဲ့ တိုင်းရင်းသားလူငယ်တွေကို အလုပ်အကိုင်ရရှိဖို့အတွက် ဖော်ထုတ်သင့်တယ်လို့ အစ်ကိုတို့မြင်တယ်။ မေး။    ။ နိဂုံးချုပ်အနေနဲ့ ဘာတွေဖြည့်စွက် ပြောကြားချင်ပါသေးသလဲ။ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ကြတဲ့ အစ်ကိုတို့ တိုင်းရင်းသားတွေ စာရင်းအရ အစ်ကိုစိတ်ထင် စုစုပေါင်း ၃.၈ သန်းခန့်ရှိတယ်။ သူတို့ပြန်လာနိုင်ဖို့အတွက် အဓိကလိုအပ်နေတာကတော့ အလုပ်အကိုင်အခွင့်အလမ်း ပဲဖြစ်တယ်။ အလုပ်အကိုင်အခွင့်အလမ်းရှိလို့ကတော့ လူတွေက ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့် မိဘရင်ခွင်အောက်မှာ အားလုံးက နွေးနွေးထွေးထွေးနေချင်ကြတာချည်းပဲ။ အခုတော့ အလုပ်အကိုင်အခွင့် အလမ်းမရှိတဲ့အခါကျတော့ တိုင်းတစ်ပါးကို အခက်အခဲတွေနဲ့သွားပြီး အလုပ်သွားရှာကြရတယ်။ တစ်ခါကျရင် ခန္ဓာရင်းရတယ်။ အခန့်မသင့်ရင် အသက်ပါ ရင်းရတဲ့အနေအထားရှိတယ်။ ဒါမျိုးတွေ လည်းရှိခဲ့တယ်။ ကိုယ့်တိုင်းရင်းသားတွေအနေနဲ့ တစ်ခေတ်တစ်ခါတုန်းက သူရဲကောင်းဆိုတာ ကိုယ့်မြေကိုယ့်ရေ ဘာသာတရား၊ ကိုယ့်လူမျိုးကိုထိပါးလာရင် တိုက်ပွဲဝင်တယ်။ အဲဒါကို အရင်တုန်းက သူရဲကောင်းလို့ ခေါ်ကြ တယ်။ အခုနည်း ပညာခေတ်ကြီးရောက်လာတော့ အစ်ကိုဘယ်လိုမြင်မိလဲဆိုတော့ အခုခေတ်သူရဲကောင်းဆိုတာက ကိုယ့်မြေကိုယ့် ရေမှာပဲ ကိုယ်တတ်တဲ့ပညာလေးနဲ့ ကိုယ့်လူမျိုးကိုအလုပ်အကိုင် အခွင့်အလမ်းကိုပေးနိုင်တဲ့သူကသာလျှင် အဲဒီလူက သူရဲကောင်းပဲလို့ အစ်ကိုမြင်တယ်။ ဒါကြောင့် ကိုယ့်လူမျိုးတွေကိုပြောချင်တာက ဘယ်သူက လိမ်ညာနေလဲ၊ ဘယ်သူက အမှန်တကယ်လဲ သိဖို့က စာများများဖတ်ကြပါ။ စာမဖတ်ကြရင် အကြိမ်ကြိမ်ကျရှုံးလိမ့်မယ်လို့ စေတနာ အရင်းခံနဲ့ပြောပါရစေ။
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...