ကားတိုက်သတ်တဲ့ သတင်းနဲ့ မီးရှို့သတ်တဲ့ သတင်းကို မြန်မာ့အလင်းက သတင်းမှားလို့ဆို

ကားတိုက်သတ်တဲ့ သတင်းနဲ့ မီးရှို့သတ်တဲ့ သတင်းကို မြန်မာ့အလင်းက သတင်းမှားလို့ဆို

ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ နိုင်ငံခြားသံရုံးတချို့ရဲ့ သတင်းထုတ်ပြန်ချက်တွေကို သတင်းအမှားတွေ အဖြစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရေးသားထား တာကို တွေ့ရပါတယ်။

မြန်မာ့အလင်းသတင်းစာက “ဆိုရှယ်မီဒီယာများပေါ်တွင် ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီအထဲမှာဆိုရင် ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တိုက် သေနတ်နဲ့ ပစ်သတ်တဲ့ သတင်းနှင့် ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာသား ၁၁ ယောက်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေကို ရေးသားဖော်ပြထားတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူတွေကို စစ်ကောင်စီတပ်က ကားနှင့် တိုက် သေနတ်နဲ့ ပစ်သတ်တဲ့အပေါ် အမေရိကန် သံရုံးက Twitter မှာရေးတင်ထားတဲ့ ထုတ်ပြန်ချက်၊ REUTERS သတင်းဌာနနဲ့ ခေတ်သစ်မီဒီယာ သတင်းဌာနတို့က ရေးသားထားတဲ့ သတင်းတွေဟာ သတင်းအမှားလို့ ဆိုထားပါတယ်။

ဒါ့အပြင် ခေတ်သစ်မီဒီယာနဲ့ CNA သတင်းဌာနက  May Wong တို့ ရေးသားထားတဲ့ စစ်ကိုင်းတိုင်း ဆားလင်း ကြီးမြို့နယ် ဒုန်းတောကျေးရွာသား ၁၁ ယောက်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေဟာလည်း သတင်း အမှားဆိုပြီး မြန်မာအလင်းသတင်းစာက ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ  သတင်းအမှန်ကို အမှားဆိုပြီး လိမ်ညာဝါဒဖြန့်ထားတဲ့ ရေးသားမှုပဲဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာက သတင်းအမှားလို့ ဆိုထားတဲ့ သတင်းတွေဟာ သတင်းအမှား‌တွေ မဟုတ်ပဲ တကယ့် မြေပြင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ သတင်းအမှန်တွေပဲ ဖြစ်ပါတယ်။

ယုံကြည်စိတ်ချရဲ့ သတင်းဌာန အသီးသီးကလည်း မြေပြင်မှာ တကယ်ရှိနေတဲ့ ဒေသခံတွေကို မေးမြန်းပြီး သတင်း ထုတ်လွှင့်ခဲ့တာ ရှိသလို ဒေသခံတွေကိုယ်တိုင်ကလည်း မြေပြင်မှာ ဖြစ်ခဲ့တဲ့ အရာကို ဗီဒီယို၊ ဓာတ်ပုံ ရိုက်ကူး ပြီးတော့ လူ့မှုကွန်ရက်စာမျက်နှာတွေမှာ လွှင့်တင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

ဒီဇင်ဘာလ ၅ ရက် ဆန္ဒထုတ်ဖော်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧရာ၀တီသတင်းဌာနက ဆန္ဒထုတ်ဖော်မှုတွင် ကိုယ် တိုင်ပါဝင်ခဲ့တဲ့ သူတစ်ဦးကို မေးမြန်းပြီး ထုတ်လွှင့်ခဲ့တဲ့သတင်းကို ဒီမှာ https://bit.ly/3DNXX9a တွေ့နိုင်ပါ တယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ ဆန္ဒထုတ်ဖော်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က ဆန္ဒထုတ်ဖော်သူများကို ကားနဲ့ တိုက်ခဲ့တဲ့ ဖြစ်စဉ်ကို CJ တစ်ယောက် ရိုက်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3ympcqk ဝင်ကြည့်လို့ရပါ တယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာသား ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မီးရှို့ခဲ့တဲ့အကြောင်းကို ဧရာ၀တီ သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး သတင်းထုတ်လွှင့်ခဲ့တာကို https://bit.ly/33jx2W6 တွေ့နိုင်သလို ဒေသခံတွေကို ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း https://bit.ly/3EWPkdV တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာပါ ရေးသားမှုတွေဟာ တကယ့်မြေပြင်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာကို အခြေခံ ရေးသားထားတာ မဟုတ်ပဲ သတင်းအမှန်ကို အမှားဆိုပြီး ရေးသားထားတာ စိစစ်တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ ဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းအမှန်ကို အမှားဆိုပြီး ရေးသားဖြန့်ဝေတာတို့၊ ဓာတ်ပုံကိုပြုပြင်ပြီး မဟုတ်မမှန်တဲ့ စသားတွေနဲ့ တွဲပြီးရေးသားနေတာတွေ သာမက စာဖတ်သူတွေကို အတွေး အမြင်ဝေဝါးသွားအောင် သတင်းအမှားတွေကို ပုံစံအမျိုးမျိုးနဲ့  ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့  သတင်းစာတွေကနေပဲဖြစ်ဖြစ် လူမှုကွန်ရက်ပေါ်ကပဲ ဖြစ်ဖြစ် စာတွေကို ဖတ် ပြီး ပြန်လည်ပြောပြတာ၊ ဖြန့်ဝေတာမျိုးတွေကို မလုပ်ခင်မှာ ယုံကြည်စိတ်ချလို့ရတဲ့ သတင်းဌာနတွေက သတင်း တွေနဲ့ တိုက်ယူစစ်ဆေးပြီးမှ ထပ်ဆင့်ဖြန့်ဝေတာတို့ ပြောပြတာတို့ကို လုပ်ဆောင်သင့်ပါတယ်။

 

 

Most read this week

January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...