ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင် ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီဝန်းကျင်ခန့်က ပစ်သတ်ခံရကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ မုံးစီးဘက် ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ပြီးအပြန် မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားကိုတားတာကြောင့် ကားပေါ်က ဆင်းလာတာပြီး ဒူးထောက်ခိုင်းပြီး နဖူး တေ့ပစ်ခံရတဲ့အပြင် အခြားခန္ဓာကိုယ် နေရာ တွေမှာလည်း ၅ နေရာခန့် ပစ်ခတ် ဒဏ်ရာ တွေရတယ်လို့ အမည်မဖော်လို ၁ ဦးက ပြောပါတယ်။
“သူနဲ့ အတူ ကားသမားရယ်၊ နာ့စ် ၃ ယောက်ရယ် သူတို့ ၅ ယောက်။ ကားကိုတားပြီး ဆင်းခိုင်းပြီး သူ့ကိုပဲ ပစ်သတ်သွားတာ။ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားနဲ့ ပြန်လှည့်ခိုင်းတယ်လို့ သူတို့ ပြောပြတယ်။ အလောင်းကတော့ လမ်းမှာပဲ။ ည သန်းခေါင်ကျော်မှ သွားကောက်နိုင်တာ။ မနက် ၂ နာရီကျော်မှ ရောက်တယ်။” လို့ သူက ပြောပါတယ်။
မနေ့ည အဆိုပါ အခင်းဖြစ်ပွားပြီးနောက် အဲဒီနေရာကို လူမှုကူညီရေးအသင်းအချို့ကို အဝင်မခံပဲ ပိတ်ထားတဲ့အတွက် အသင်း ၃ သင်းအတူ ပူးပေါင်းကာသွားရောက် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးရုံအုပ် ဒေါက်တာဝင့်ဝင်မြိုင်ဟာ CDM လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပြင် ငွေကြေးမတတ်နိုင်သူတွေကိုလည်း ဆေးကုသပေးမှု မပေးချင်သူဖြစ်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုအများအပြားရှိနေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ဆေးရုံထဲ စစ်ကောင်စီတပ်တွေကို စခန်းချ နေထိုင်ခွင့် ပြုခဲ့တာတွေ၊ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့တာကြောင့် မနှစ်မြို့သူတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။