မိုးညှင်းမြို့ကို ဒီဇင်ဘာလ (၁၁) ရက်နေ့ကစပြီး Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပြီးနောက် အခြေခံပညာကျောင်းတချို့ ပြန်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
မိုးညှင်းမြို့ ၊ ဟိုပင် ၊ အင်းတော်ကြီးဒေသက ကျောင်းတချို့က ဒီဇင်ဘာ ၁၃ ရက်နေ့စတင်ပြီး ကျောင်းဖွင့်လှစ်ဖို့အတွက် ပြင်ဆင်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ကိုဗစ် 19 ဒုတိယလှိုင်းကတည်းက စာသင်ကျောင်းအားလုံးပိတ်ထားခဲ့ရပြီး အာဏာသိမ်းပြီးပြန်ဖွင့်တဲ့အချိန်မှာလည်း ကျောင်းအများစု ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဇူလိုင်လတုန်းက မိုးညှင်းမြို့နယ်က ကျောင်းတချို့ ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကျောင်းအပ်တဲ့ ကျောင်းသူ/သားဦးရေ အလွန်နည်းပါးခဲ့ပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ ကျောင်းအုပ်များ ၊ ဆရာ/မများ နှင့် ပညာရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၉၃၇) ဦးကို မေလက တာဝန်မှရပ်ဆိုင်းထားခဲ့ပါတယ်။
တာဝန်မှ ထုတ်ပယ်ခံလိုက်ရတဲ့ သူတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် မိုးညှင်းမြို့နယ်မှာ ဆရာ/မ ငါးရာကျော် ဝင်ခွင့်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ ၂၀၁၉-၂၀ ခုနှစ် စာရင်းအရ ကျောင်းသား/သူဦးရေ စုစုပေါင်း လေးသောင်းငါးထောင်ကျော်ရှိကြောင်း သိရပါတယ်။