မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ယာယီတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦး၏ ရုပ်အလောင်းများအား ဓါတ်ပုံ ရိုက်ပြီး လူမှု မီဒီယာပေါ်တင်သူတစ်ဦးအား စစ်ကောင်စီလက်အောက် တရားရုံးက ထောင်ဒဏ်တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်သည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။
ထောင်ချခံရသူမှာ သံဖြူဇရပ်မြို့၊ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းဖြစ်သည်။
"သေသွားတဲ့ စစ်သားအလောင်းတွေကို ဘယ်သူမှ လာမကောက်တော့ သံဖြူဇရပ်မြို့ နာရေးကူညီမှု အသင်း ကနေ သွားကောက်သယ်ခဲ့တယ်။ ပြီးတော့ သုဿန်မှာ ထားခဲ့တာ။ အဲ့ဒါကို ဦးကျော်ဝင်းက ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ခဲ့တယ်။ အဲဒီကိစ္စနဲ့ ဦးကျော်ဝင်းကို ဖမ်းဆီးတရားစွဲခဲ့ကြတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ အမိန့်ချလိုက်တယ်" ဟု နီးစပ်သူတစ်ဦး က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူး အပါအဝင် ၆ ဦး သေဆုံးသွားခဲ့သည်။
အဆိုပါ သေဆုံးသွားသည့် ၆ ဦး၏ ရုပ်အလောင်းများကို သံဖြူဇရပ်မြို့၊ နာရေးကူညီမှုအသင်းက သွားရောက် ကောက်ယူခဲ့ပြီး သုဿန်တွင်ထားရှိကာ ဦးကျော်ဝင်းက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ် တွင် တင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဓာတ်ပုံရိုက်ပြီး တင်ခဲ့သည့်အတွက် စစ်ကောင်စီက ဦးကျော်ဝင်းကို ဖမ်းဆီးသွားပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နှင့် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲခဲ့သည်။
ဦးကျော်ဝင်းကို စွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ အတွက် အောက်တိုဘာလကတည်းက ထောင်ဒဏ် သုံးလ အမိန့်ချခဲ့ပြီး ပုဒ်မ ၅၀၅-က ဖြင့် စွဲဆိုထားသည့် အမှုကို ဒီဇင်ဘာလ ၈ ရက်နေ့ (ယမန်နေ့) က ကျိုက်မ ရော အကျဥ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ်တစ်နှစ် ထပ်မံအမိန့်ချလိုက်ခြင်း ဖြစ်သည်။
ပုဒ်မ ၅၀၅-က သည် မည်သူမဆို တပ်မတော်၊ တပ်ဖွဲ့ဝင်များ၊ အစိုးရ ဝန်ထမ်းများကို လုပ်ငန်းစည်းကမ်းချက်၊ အလုပ်လုပ်ကိုင်လို စိတ်ပျက်စီးအောင် ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ ပျက်စီးအောင် လုပ်ဆောင်ခြင်းများ၊ စည်း ကမ်းများ မလိုက်နာစေရန်နှင့် အမုန်းစကားများ ဖြန့်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်ခြင်း လိုက် ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင် ဖြည့်စွက်လိုက်သည့် ပုဒ်မတစ်ခုဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတစ်ခု လည်း ဖြစ်သည်။