ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦး၏ အဂတိအမှုကို ဆက်လက်စစ်ဆေး

ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦး၏ အဂတိအမှုကို ဆက်လက်စစ်ဆေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါ ဝန်ကြီး ငါးဦးကို စွဲဆိုထားသော အဂတိလိုက်စားမှု ဥပဒေပုဒ်မ (၅၅) အမှု ၃ မှုကို ဒီဇင်ဘာလ ၈ ရက်တွင် စစ်တွေ အကျဉ်းထောင် သီးသန့် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း စွပ်စွဲခံရသူများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအေးကျော်သန်းက မဇ္ဈိမကို ပြောသည်။

“တရားလိုဘက်က သက်သေ တချို့ကို ပြန်ခေါ်သက်သေ အနေနဲ့ ဒီနေ့စစ်ဆေးတယ်” ဟု   ရှေ့နေ ဦးအေးကျော်သန်းက ပြောသည်။

အမှုအတွက် ပြန်ခေါ်သက်သေ ခုနစ်ဦးကို စစ်ဆေးရန် ရှိပြီး ယနေ့ရုံးချိန်းတွင် တရားလို ဖြစ်သူကို ပြန်ခေါ်သက်သေ အနေဖြင့် တရားရုံးက စစ်ဆေးခဲ့ပြီးလာမည့်ရုံးချိန်းတွင် ကျန်ရှိနေသေးသော ပြန်ခေါ်သက်သေများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှု ပုဒ်မ (၅၅)  အတွက် လာမည့်  ဒီဇင်ဘာလ ၁၀ ရက်တွင် တရားရုံးက ရုံးချိန်း ထပ်ခေါ်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ် ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသည်။

၎င်းတို့ကို ဂွမြို့၊ ရွာမရပ်ကွက်နှင့် ကင်းရိုး ရပ်ကွက်ကြားရှိ ဂွချောင်း ဂုံးသောင်မြေဖော်ထုတ်ရေး စီမံကိန်းကိစ္စ၊ နိုင်ငံပိုင်အဆောက်အအုံ  သုံးခုကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခြင်းနှင့် ပြည်နယ် ရန်ပုံငွေ ကျပ် ၈၆၅ သန်းကို ဘဏ္ဍာရေး စည်းကမ်းနှင့် မညီဘဲ သုံးစွဲခဲ့သည်ဟုဆိုကာ စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ထားသော ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ဂွချောင်း ဂုံးသောင်မြေဖော်ထုတ်ရေး စီမံကိန်းကိစ္စတွင် အဂတိ လိုက်စားမှု ရှိသည်ဟုဆိုကာ ၎င်းတစ်ဦးတည်းကို အဂတိလိုက်စားမှု ပုဒ်မဖြင့် စစ်ကောင်စီက သီးခြား စွဲဆိုထားသည်။

ထိုဝန်ကြီး ငါးဦးကို အဂတိ လိုက်စားမှု ဥပဒေပုဒ်မ (၅၅) ဖြင့် စွဲချက်တင်ရန် စစ်တွေ အကျဉ်းထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၁ ရက် ရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“လာမယ့်ရုံးချိန်းပြီးလို့ နောက်ရုံးချိန်း ဆိုရင်တော့ စွပ်စွဲခံရတဲ့ ဝန်ကြီးတစ်ဦးဦးကို စစစ်မယ်လို့ ထင်ပါတယ်” ဟု ရှေ့နေက ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် လက်ရှိ တရားရင်ဆိုင် နေရသော အဂတိလိုက်စားမှု ဥပဒေပုဒ်မ (၅၅) ဖြင့် အမှု သုံးမှုအပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် စစ်တွေ အကျဉ်းထောင်၌ ထိန်းသိမ်း ခံနေရသည်။

အဂတိလိုက်စားမှု ပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ဝန်ကြီးအားလုံး၏ ကျန်းမာရေး ကောင်းမွန်လျက် ရှိသည်။

Most read this week

“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...