ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေအပေါ် ဖိနှိပ်ညှဉ်းပန်းတာတွေ အရှိန်မြင့် လုပ်ဆောင်လာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)က ပြောပါတယ်။
ဇွန်လပိုင်းကစပြီး စစ်ကောင်စီရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့အတွက် KNLA က ပြောက်ကျား တိုက်ခိုက်မှု တွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကေအဲန်ယူကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်က အရပ်သားတွေအပေါ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖိနှိပ်ညှဉ်းပန်းတာတွေ အရှိန်မြင့်လုပ်ဆောင်လာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“ သူတို့ပစ်ခတ်တဲ့ လက်နက်ကြီးတွေက ရန်သူတွေကို ထိတာ မဟုတ်ဘဲ ပြည်သူတွေဘဲ ထိခိုက်နေတာ ။ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ခိုက်နိုင်လို့ ပြည်သူလူထုတွေကို တိုက်ခိုက်တာကို တွေ့ရတယ်။ ပြည်သူလူထုရဲ့ အိုးအိမ်တွေကိုလည်း ဖျက်ဆီးတာတွေ ရှိတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖာပွန်ခရိုင်ထဲမှာ လက်နက်ကြီးကို နေ့စဉ်နီးပါးပစ်ခတ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးပစ်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။
ဇွန်လကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်ဟာ ကျေးရွာနဲ့ ကွင်းပြင်တွေထဲကို လက်နက်ကြီးပစ်ခတ်မှုအကြိမ်ပေါင်း ၇၇၀ ကြိမ် ပြုလုပ်ခဲ့တယ်လို့ KPSN ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒီလို စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးစေခဲ့ပြီး စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုတော့ ထိမှန်တာတွေ မရှိခဲ့ဘူးလို့ KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား စစ်ရေးပဋိပက္ခကြောင့် ဖာပွန်ဒေသခံပြည်သူ ၈၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။