သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ မိသားစုဝင်သုံးဦးကို ဓားစာခံအဖြစ် စစ်ကောင်စီတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ရှိ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉၊ ငုဝါလမ်းတွင် ရှိသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတို့မှ အင်အား ၃၀ ခန့်ဖြင့် လာရောက်စီးနင်းကာ အိမ်ထဲမှ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။
“မလှဌေးရဲ့ အရင်ယောက်ျားကို လာရှာတာတဲ့၊ သူတို့နှစ်ဦးကလည်း ကွဲသွားတာ ကြာလို့ မလှဌေးတောင် နောက်အိမ်ထောင် ပြုနေပြီ၊ သူ့အရင်ယောက်ျားကို လာရှာတယ်၊ မတွေ့တော့ ဒီမိသားစုဝင်သုံးဦးကို ရိုက်နှက်ပြီး ခေါ် သွားတာ” ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတို့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသူများသည် မလှဌေးနှင့် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ကိုဇွဲထက်၊ သား စိုင်းသန့်ဇင်ကို တို့ဖြစ်ကြပြီး စစ်ကောင်စီတပ်သားတို့ လာရောက်မေးမြန်းသူမှာ မလှဌေး၏ အရင်ယောက်ျား စိုင်းသန့်ဇင်ကို ၏ ဖခင် ကိုစိုးခိုင်ဖြစ်ကြောင်းသိရသည်။
“သူတို့ (ရဲနှင့် စစ်သား) စရောက်တုန်းက မလှဌေးတို့ အိမ်မှာမရှိဘူး၊ ဘေးအိမ်မှာရောက်နေတာ၊ အိမ်ထဲမှာ အငယ်ကောင်(စိုင်းသန့်ဇင်ကို) တစ်ယောက်ပဲရှိတယ်၊ အဲ့ချိန်မှာ ရောက်လာတာနဲ့ မင်းအဖေဘယ်မှာလဲ(ကိုစိုးခိုင်) လို့မေးတာ သူကမသိကြောင်းပြောတော့ ရိုက်တယ်၊ မျက်နှာမှာ ညိုမည်းစွဲသွားတာ” ဟု ပတ်ဝန်းကျင်မှ မြင်တွေ့ရသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီတို့သည် အသက် ၁၈ နှစ်မပြည့်သေးသည့် စိုင်းသန့်ဇင်ကို ရိုက်နှက်စစ်ဆေးပြီးဖမ်းဆီးခေါ်ဆောင်သွားသည့် အပြင် မိခင်ဖြစ်သူ မလှဌေးနှင့် ကိုဇွဲထက်တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။