လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA  ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှစ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်လက စကောက်တယ်။ အိမ်တိုင်းလိုလိုကောက်တယ်။ အိမ်ထောင်စုထဲက လူငယ်အမျိုးသားနာမည်တွေ အားလုံးကောက်သွားတယ်။ စာရင်းမပေးရင် ပြစ်ဒဏ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကျက်ကျေးရွာအတွင်း  ‘ဝ’တပ်ဖွဲ့ UWSA  မှ စစ်မှုထမ်းရန် အတွက် ယောကျာ်လေး စာရင်းလူဦးရေ ၂၀၀ ကျော် ကောက်ယူထားသည်။

ထိုစာရင်းထဲပါသည့် ဆယ်ကျော်သက်များ ၊ လူငယ်များသည် စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့်  ထွက်ပြေးတိမ်း‌ရှောင်နေကြရကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“သူတို့က စာရင်းကောက်တာ ပြီးခါနီးပြီ။ ဒေသခံတွေကတော့ ဘယ်သူမှ သဘောမတူကြဘူး ငြင်းလို့လည်းမရ တောင်ပန်လို့လည်း မရဘူး။ မိသားစုတွေမှာ သားက စာရင်းထည့်ထားပြီး သားကအိမ်မှာ မရှိရင် အဖေကိုသွားခိုင်တဲ့အထိ လုပ်မှာတဲ့။ ကျန်ရှိနေတဲ့ အမျိုးသမီးတွေကိုလည်း သူတို့ရုံးတွေကိုသွားခိုင်းပြီး သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’တပ်ဖွဲ့ UWSA  တာဝန်းရှိသူများကို ဆက်သွယ်ပါသော်လည်း ပြန်လည်းဖြေဆိုခြင်းမရှိပေ။

မိုင်းကျက် ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့  MNDAA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ‘ဝ’တပ်ဖွဲ့ UWSA  နှင့်  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

မိုင်းကျက်ကျေးရွာသည် လားရှိုးမြို့ နှင့်  မိုင် ၅၀ ခန့်ကွာဝေးပြီး ၊ မိုင်းယော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည်။

Most read this week

January 24, 2025
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မုံးပေါ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ် MNDAA...
January 23, 2025
အမျိုးသားညီညွတ်ရေး အစိုးရ NUG မှ စုဆောင်းထားသည့် အသက်မပြည့်သေးသော ကလေးစစ်သားများဟု ရေးသား၍...
January 21, 2025
မြန်မာ-တရုတ် နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့်...
January 20, 2025
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်...