အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်းဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံး

အာဏာသိမ်းတပ်ဖမ်းဆီးသွားသော ကောလင်းဒေသခံ ၇ ဦး သေနတ်၊ ဓါးဒဏ်ရာများဖြင့် ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းရှိ မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာများမှ နိုဝင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၇ ဦး သေနတ်နှင့် ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ဒေသခံများမှ သိရသည်။

ကောလင်းနယ် အနောက်ဘက်ခြမ်းကျေးရွာအချို့တွင် ယခု ၂ ရက်အတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

"ကျနော်တို့ ကြားရသလောက်တော့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကိုဘဲ မှတ်မိတယ်လို့ သိရတယ်။ အဲကလေးက ချောင်းနားရွာကလို့တော့ သိရပြီ။ ကျန်တဲ့ ၆ယောက်ကတော့ မျက်နှာဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် နှိပ်စက်ခံထားရတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးနေသည့် အလောင်း ၇ လောင်းအား နိုဝင်ဘာ ၁၂ ရက် နံနက် ၉နာရီဝန်းကျင် မိုနံရွာအနီး (ဦးတင်ဦးကုန်းနားလေးက မန်ကျည်းပင်ရေစပ်) အနီးတွင် တွေ့ရှိခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံများ၏ ခန့်မှန်းချက်အရ ကလေးငယ်၏ အလောင်းအပြင် ကျန်အလောင်း ၆‌ လောင်းသည် မိုနံရွာမှ ၅ ဦးနှင့် ဥက္ကံရွာ ၁ ဦးဖြစ်နိုင်ကြောင်း ပြောဆိုသည်။

"ပြီးခဲ့တဲ့ ၄ရက်လောက်က စစ်ကောင်စီတပ်က အဲရွာက ဒေသခံတွေကို ဖမ်းဆီးသွားတာတွေရှိတယ်။ ဖမ်းသွားတာ ဘယ်နှစ်ယောက်လဲ တိတိကျကျ မသိလိုက်ကြဘူး။ ခုသတ်ခံရတဲ့သူတွေတောင် ရုပ်ကမမှတ်မိတော့ ဘယ်သူဘယ်ဝါမှန်း တိတိကျကျ မပြောနိုင်ဘူး ခန့်မှန်းတာလောက်ဘဲရှိမယ်" ဟု အထက်ပါဒေသခံက ထပ်ပြောသည်။

မိုနံကျေးရွာ၊ ဥက္ကံရွာ၊ ချောင်းနား စသည့်ကျေးရွာတို့သည် တစ်ဆက်တည်းရှိပြီး ကောလင်းမြို့၏ အနောက်ဘက်ခြမ်း ၂၆ မိုင်ခန့် အကွာတွင် တည်ရှိသည်။

လက်ရှိ ယင်းကျေးရွာများတွင် ဖုန်းလိုင်းအချို့နှင့် အင်တာနက်များ ဖြတ်တောက်ခံထားရသည့်အတွက် ပြည်သူမည်မျှ အသတ်ခံရသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...