ကရင်နီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် ကာကွယ်ဆေး စထိုးနိုင်ပြီ

ကရင်နီ ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် ကာကွယ်ဆေး စထိုးနိုင်ပြီ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေအတွင်း အသက် ၁၈ နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေးနေသည်ဟု ကရင်နီကျန်းမာရေးဌာန တာဝန်ရှိသူက ပြော သည်။

နိုဝင်ဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ နှစ်ရက်ဆက်တိုက် လူဦးရေ ၂၅၀ ကို ပထမဦးစားပေးအသုတ်အနေဖြင့် ထိုးပေးခြင်း ဖြစ်သည်ဟု  ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ် က ပြောသည်။

“ကျနော်တို့ ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ NUG နဲ့ တိုင်းရင်း သားကျန်းမာရေးဌာနတွေနဲ့ စုစည်းထားတဲ့ COVID-19 Task Force (CTF) ဆိုတဲ့ Network တစ်ခုရှိတယ်။ အဲ့ဒီ မှာ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ကိုဗစ် ကာကွယ်ဆေးရရှိအောင် ကျနော်တို့ ဆောင်ရွက်ကြဖို့ ဖြစ်တယ်။ ဆိုတော့ အဲ့ဒီ CTF ရဲ့ အစီအစဉ် အောက်က နေပြီးတော့ ပထမဆုံးပိုက်လော့အနေနဲ့ ကျနော်တို့ ဆေး ၂၅၀ ခွဲတန်းရတာပေါ့။ ၂၅၀ ခွဲတန်းရတာကို ဒီနယ် စပ်မှာရှိတဲ့ ကျနော်တို့ ကရင်နီ KA ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ပထမဆုံး ကျနော်တို့ထိုးတယ်။ မနေ့က လူ ၁၃၀ ထိုး တယ်။ ဒီနေ့ ၁၂၀။ အားလုံး လူ ၂၅၀ ကို ကျနော်တို့ဒေသမှာ စထိုးပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီ လောက်မှာ ပြီးသွားပါတယ်။”

COVID-19 Task Force (CTF) အစီအစဉ်အောက်မှ ရရှိလာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာ-ထိုင်း နယ်စပ် (ကယား-ကရင်နီပြည်နယ်) ဘက်အခြမ်း KNPP ထိန်းချုပ်နယ်မြေအတွင်း ရောက်ရှိနေသည့် စစ်ရှောင် များထဲမှ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ အမျိုးသမီးအဖွဲ့ဝင်များ၊ စစ်ရှောင် စခန်းကော်မတီဝင်များနှင့် ခရီးသွားလာရသူများကို ပထမဦးစားပေးနေဖြင့် အယောက် ၂၅၀ ကို ထိုးပေးခြင်း ဖြစ်သည်။

“အခုထိုးပေးတဲ့ဆေးအမျိုးအစားကတော့ Sinopharm ဖြစ်တယ်။ တရုတ်ဆေးပါပဲ။ ကျနော်တို့ ဒီမှာကတော့ ကျနော်တို့ ဘယ်လိုသတ်မှတ်ပြီးတော့ ထိုးပေးလဲဆိုတော့ လောလောဆယ်ပြေးလာတဲ့ IDPs Camp တွေရှိ တယ်လေ။ အဲ့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာ ဆရာမ၊ ပြီးတော့ ဒီစခန်းထဲမှာ အုပ်ချုပ်ရေး ကော်မတီဝင်တွေ၊ ပြီးတော့ အမျိုးသမီးအဖွဲ့တွေ ပြီးတော့အသွားအလာများတဲ့ ဒီလူမှုရေးလုပ်ငန်းက လူတွေ ကို၊ အဓိကထားပြီးတော့ လူ ၂၅၀ ကို ကျနော်တို့ ထိုးပေးခဲ့ပါတယ်” ဟု ခွန်းဖိလစ်က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် KNPP ထိန်းချုပ်မြေထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်များအနက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ၁၈ နှစ် ပြည့် ပြီးသူ ၈၀၀၀ ကျော်ရှိသည့်အနက် ပထမဦးစားပေးအနေဖြင့် အယောက် ၂၅၀ ကို စတင်ထိုးပေးခြင်း ဖြစ်သည်။

ပထမအကြိမ် ဆေးတစ်လုံးစီ ထိုးပေးထားသည့်သူများကို နောက်ထပ် ၄ ပတ်အကြာတွင် ဒုတိယတစ်လုံးကို ထပ်မံထိုးပေးမည်ဟု ကရင်နီကျန်းမာရေးဌာနထံမှ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နယ်မြေထဲသို့ ရောက်ရှိနေသည့် စစ်ရှောင်များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ကရင်နီကျန်းမာရေးဌာနက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် မြို့နယ်၊ ကျေးရွာများထဲက ပြည်သူများအတွက် ကာကွယ်ဆေးထိုး ပေးနိုင်ရေး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်း သား ကျန်းမာရေး အဖွဲ့များနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး၊ ကုသရေးအဖွဲ့ COVID-19 Task Force (CTF) ကို ဇူလိုင်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

COVID-19 Task Force (CTF) အဖွဲ့ထဲတွင် ကရင်နီ၊ ကရင်၊ မွန်နှင့် ရှမ်းဒေသများအတွင်းရှိ ကျန်းမာရေးအဖွဲ့ များ ပါဝင်ပြီး တိုင်းရင်းသား ပြည်သူများအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးမှုများ၊ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ရောဂါထိန်းချုပ် ကာကွယ်ရေးကဏ္ဍတို့တွင် လိုအပ်နေသည့် အထောက်အပံ့များရရှိနိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်း များ၊ ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်ဟု အဖွဲ့တာဝန် ရှိသူများ စတင်ဖွဲ့စည်းစဉ်က ပြောဆိုထားသည်။

အဆိုပါ COVID-19 Task Force (CTF) အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၄ လနီးပါးအကြာတွင် ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ခြင်း ဖြစ်သည်။

Photo- Karenni Humanitarian Team-KHT

Most read this week

November 8, 2024
ရှမ်း - ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊...
November 8, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာအုပ်စုရှိ ကဒင်ဝကျေးရွာတွင် ပျူစောထီးများ၏...
November 7, 2024
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော...
khonumthung (ပုံဟောင်း)
November 7, 2024
ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊...