စစ်ကောင်စီကခန့်ထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၏ ဒုတိယမြောက် အုပ်ချုပ်ရေးမှူး ယနေ့ နံနက် ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရက်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
၈၈ ရက်ကွက်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး က “အခု အုပ်ကြီးက ဒုတိယမြောက် အုပ်ကြီး။ ပထမအုပ်ကြီးတုန်းကလည်း အခုလိုပဲ သေနတ်နဲ့ အပစ်ခံရပြီး သေသွားတော့ သူကအုပ်ကြီးတက် လုပ်တာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေး မှူး ဦးခင်ဦးသည်လည်း ဇူလိုင်လ ၆ ရက်နေ့၊ ညနေပိုင်းက ၎င်းစီးလာသည့်ကားနှင့် ကားချင်းယှဉ်ကာ သေနတ် ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။
ထို့နောက် ဦးသိန်းဇော်ကို ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက အစားထိုးခန့်အပ်ထားခြင်း ဖြစ်သည်။
ဦးသိန်းဇော်သည် နိုဝင်ဘာလ ၁၀ ရက်နေ့(ယနေ့)၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်ရှိ သူ့ထက်သာ လက်ဖက်ရည်ဆိုင်တွင် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်း ဇော်နှင့်အတူ ရာအိမ်မှူးတစ်ဦး၊ အခြားအမျိုးသားတစ်ဦးတို့ နံနက်စာ စားနေချိန် လူတစ်ဦးက ဝင်ရောက် ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်ဟု ၈၈ ရပ် ကွက်အတွင်းနေထိုင်သူများက ပြောသည်။
သူ့ထက်သာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်လာသည့် သေနတ်သမားက ဦးသိန်းဇော်နှင့်အတူ ထိုင်နေသူနှစ်ဦး ကိုပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကျန်နှစ်ဦးမှာ ယခုခါ ဆေးရုံသို့ ပို့ထားသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။
၈၇ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကလည်း “သေနတ်မှန်တော့ ၃ ယောက်လုံးမှန်တာ။ ဦးသိန်းဇော်ကတော့ သေသွားပြီး ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံကားနဲ့ခေါ်သွားတယ်။ သေမသေမသိရသေးဘူး” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားရောက်ရှိလာပြီး စစ်ဆေးမှု များပြုလုပ်လျက်ရှိသည်ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသည့် အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးက လည်း “သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)က ပတ်နေတာ။ မနက်ကတော့ ဆိုင်ကယ်တွေရော ဘေးတွဲဆိုင်ကယ် တွေပါ ဖမ်းနေတယ်။ ၈၈ ဖက်ကို ခရီးသည်ငှားရင် မလိုက်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက် ညဦးပိုင်းက တောင်ဒဂုံမြို့နယ်က NLD ရပ်ကျေးအလုပ်မှုဆောင် ဦးခင်ကျော်ကို ပျူစော ထီးအဖွဲ့လာ ရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်း၏ ဇနီးလည်း သေနတ်ဒဏ်ရာရရှိသွား ခဲ့သည်။