နှစ်နိုင်ငံအကျိုးအမြတ် လွန်ဆွဲမှုကြားက စတေးခံမြေဇာပင်များ

နှစ်နိုင်ငံအကျိုးအမြတ် လွန်ဆွဲမှုကြားက စတေးခံမြေဇာပင်များ

မျိုးဇော် -- စက်တင်ဘာလကနေစပြီး ထွက်ပေါ်လာတဲ့ "ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ကို ပန်းရောင်ကဒ်၊ CI ပတ်စပို့စ်စတဲ့ အထောက်အထား စာရွက်စာတမ်းများ လုပ်ပေးမယ်" ဆိုတဲ့ သတင်းစကား ဂယက်တွေကြောင့် တရားမဝင်နယ် စပ်ဖြတ်ကျော်မှုမှာ ကြီးမားတဲ့ တွန်းအားဖြစ်စေခဲ့ပါတယ်။

ဒီလိုသတင်းစကားနဲ့အတူ ပြည်တွင်း နိုင်ငံရေးမငြိမ်သက်မှုကြား အလုပ်လက်မဲ့ အခြေခံလူတန်းစားတွေဟာ နွယ်တခက် မြက်တစ်ပင် အာရုံပေးမှား ပွဲစားတွေရဲ့ ပြောင်မြောက်တဲ့ အလိမ်အညာ စကားလုံးအောက်မှာ အိပ်မက်တွေ စီရရီဖြင့် နယ်စပ်ကို နိဗ္ဗာန်ထင် ခိုးဝင်ဖို့ ကြိုးစားလာကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ဝူဟန်မြို့က အစပြုတဲ့ ကိုဗစ်ပိုးဟာ ကမ္ဘာတလွှား ပျံ့နှံ့ခဲ့သလို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား သက်ရောက်မှု ရှိခဲ့ပါတယ်။

ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်၊ မတ်လ အစောပိုင်းကစ၍ ထိုင်းကနေ နယ်စပ်အသီးသီးကတဆင့် နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေဟာ ဒီကနေ့ အထိ (၂) နှစ်နီးပါး ကာလအတွင်း နှစ်သိန်း ကျော်ခန့် ရှိလာပါပြီး။

ယင်းကဲ့သို့ ပြန်လာစဉ်မှာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ စာအုပ်တွေကို ထိုင်းကအထွက် နယ်စပ်မှာ ဘတ် ၁၀၀၀ ကျော်ကုန်ကျမယ့် အလည်ပြန်  ဗီဇာတုံးထုကာ ပြန်လာသူနည်းပါးပြီး များသောအားဖြင့် ထိုင်းကို ပြန်မဝင် အပြီးပြန်လာသူများဟု ဆိုကာ Cancel တုံးထုလာသူ ပို၍များပါတယ်။

အခုတော့ ပြည်တော်ပြန် ရွှေမြန်မာတွေဟာ ပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှုကြောင့်  အလုပ်အ ကိုင်ပိုမို၍ရှားပါးလာခြင်းကြောင့် မိသားစုရဲ့ စားဝတ်နေရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံသို့ တကျော့ပြန် သွားနေကြတာပါ။

ပြန်လာစဉ်က တရားဝင်ဆိုပေမယ့် ယခု ပြန်သွားချိန်မှာတော့ တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် မရတဲ့ အခြေ အနေမှာ လူကယ်ရီများကို အခကြေးပေးပြီး ထိုင်းသို့ တရားမဝင် နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက် နေကြရပါတယ်။

ထိုသို့ ထိုင်းသို့ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်ရာမှာ ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်များ ဖြစ်တဲ့ ကရင်ပြည်နယ်ဘက်ခြမ်းက မြဝတီ-မဲဆောက်လမ်းကြောင်း၊ ဘုရားသုံးဆူ-ကန်ချနဘူရီလမ်း ကြောင်း၊ ထားဝယ် ဘက်က ထီးခီး-မောတောင် လမ်းကြောင်းနဲ့ တနင်္သာရီဘက်က ကော့သောင်း-ရနောင်း အစရှိတဲ့ နယ်စပ်ဝင်ပေါက်တွေမှတဆင့် ဝင်ရောက်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ထိုင်းသို့ တရားမဝင်လမ်းကြောင်းမှ သွားမယ့် ရွှေ့ပြောင်းလုပ်သား ၁၁၆ ဦးကို နယ်စပ်ဖြတ်ကျော်ခြင်းမပြုခင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ နေအိမ်ခြံဝင်းအတွင်းမှာ တစ်စုတစည်းတည်းတွေ့ရှိရ၍ သက်ဆိုင်ရာက ဖမ်းဆီးပြီး ကိုဗစ် Quarentine စခန်းမှာ ခေတ္တထိန်းသိမ်းပြီး နေရပ်သို့ ပြန်စေခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

ထိုတရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့ တာစူနေကြသူတွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အစရှိတဲ့ နေရာအသီးသီးကနေ လာကြသူတွေ ဖြစ်ပါတယ်။

သူတို့အထဲမှာ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံက ပြန်လာသူတွေ များပါတယ်။ အခုအခါ ထိုင်းသို့ တရားဝင် ပြန်သွားခွင့်မရ၍ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တစ်ဦးကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ ဝန်းကျင်ထိ အကုန်အကျခံကာ   အခုလို တရားမဝင်လမ်းကြောင်းမှ သွားကြတာပါလို့ အဲဒီအစုအဖွဲ့ထဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

"ကျနော်က ထိုင်းကနေ ပြန်လာတာ (၁) နှစ်ကျော်ပြီး။ ရွေးကောက်ပွဲ မဖြစ်ခင် ကတည်းကပေါ့။ ပြန်လာ တုန်းကတော့ ထိုင်းကို ပြန်မသွားတော့ဘူး။ ကိုယ့်ဆီမှာ ပါလာတဲ့ ပိုက်ဆံလေးနဲ့ အရင်းအနှီးလုပ်ပြီး နေမယ်ပေါ့။ ဒါပေမယ့် ကျနော် မြန်မာပြည် ရောက်ပြီး သိပ်မကြာခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်သွားတယ်။ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဘာအလုပ်မှလည်း လုပ်လို့မရဘူး။ ဘန်ကောက်ကပါလာတဲ့ ငွေတွေလည်း ထိုင်စား တာနဲ့ပဲကုန်လုနီးနီးဖြစ်နေပြီးလေ။ ဒါကြောင့် ရေရှည်မှာ မိသားစု စားဝတ်နေရေး ပိုမို ကြပ်တည်း လာနိုင်တာကြောင့် အခုလို ထိုင်းကို အရဲစွန့်ပြီးပြန်သွားရခြင်းဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "အခု ထိုင်းမှာက အထောက်အထားမဲ့ နေထိုင်သူတွေကို ပန်းရောင်ကဒ်တွေ  ပတ်စပို့စ်စာအုပ်တွေ လုပ်ပေးမယ် ဆိုတော့ သွားချင်တဲ့သူတွေက များပါတယ်။ အခု ကျနော်တို့ အဖွဲ့ထဲမှာ ဘန်ကောက်ပြန် တွေပါသလို အသစ်သွားမယ့် သူတွေလည်းရှိတယ်" လို့လည်း သူက ဆက်ပြောသည်။

ကနဦး ထွက်ပေါ်လာတဲ့သတင်းတွေအရ မြန်မာလုပ်သားတွေအတွက် CI ပတ်စ်ပို့စာအုပ်တွေကို ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဟာချိုင်နယ်မြေ အပါအဝင် ဘန်ကောက်မြို့အနီး နေရာ ၂ ခု နဲ့ ထိုင်း-မြန်မာနယ်စပ် တွေဖြစ်တဲ့ တာချီလိတ်တဖက်ကမ်းက မယ်ဆိုင်မြို့၊ ဘုရားသုံးဆူ တဖက်ကမ်းက ကန်ချနဘူရီခရိုင်၊ ကော့သောင်းမြို့ တဖက်ကမ်းက ရနောင်းမြို့ အစရှိတဲ့ နယ်စပ်ဝင်ပေါက် မြို့ ၃ နေရာမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အခု CI ဖွင့်လှစ်မယ့် ရုံးနေရာတွေကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတစ်ခုက လေလံကြေး မြန်မာငွေ သိန်း (၅) ထောင်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းကတဆင့် သိရပါတယ်။

မြန်မာလုပ်သားတွေအတွက် CI ပတ်စ်ပို့စာအုပ်လုပ်ပေးမယ့် ကိစ္စနဲ့ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားအရေး ကျွမ်းကျင်သူ တစ်ဦးကတော့ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတွေကို ပန်းရောင်ကဒ်တို့ CI အမျိုးအစားပတ်စ်ပို့ စာအုပ်တွေ ထုတ်ပေးမယ်ဆိုတာက ရွှေ့ပြောင်း လုပ်သားတွေအပေါ် စေတနာ ရှိလွန်းလို့ ထုတ်ပေးတာမဟုတ်ဘဲ  ဒီရွှေ့ပြောင်းလုပ်သားတွေဆီကနေ သူတို့ နိုင်ငံဝင်ငွေရဖို့ လုပ်ဆောင် တာဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

"ဘာကြောင့်လဲဆိုတော့ ပန်းရောင်ကဒ် နဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း ခရမ်းရောင် CI ပတ်စ်ပို့စာအုပ် အတွက် တရားဝင်ကုန်ကျစရိတ်က ထိုင်းဘတ်ငွေ ၇၅၀၀ ဝန်းကျင်ရှိပါတယ်။ အဲ့ဒီထဲမှာ ထိုင်းက ကျန်းမာရေးစစ်ဆေးခ၊ အလုပ်လုပ်ခွင့် WorkPermit စတဲ့ အခကြေးငွေများဖြင့် ကုန်ကျစရိတ်ရဲ့ သုံးပုံနှစ်ပုံခန့် ဝင်ငွေရရှိမှာဖြစ်ပြီး မြန်မာဘက်ကတော့ ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၁ ထောင် ကျော်သာရရှိမှာ ဖြစ်ပါတယ်"လို့ ထိုရွှေ့ပြောင်းလုပ်သားအရေး ကျွမ်းကျင်သူက ပြောပါတယ်။

ထိုသို့ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းဂယက်ကြောင့် ထိုင်းသို့ နယ်စပ်ဝင်ပေါက်တွေက တဆင့် သွားရောက်သူ  ရာထောင်ချီရှိနေပြီး ထိုင်းနိုင်ငံတွင်း နေ့စဉ် လူ ၁၀၀ ကျော် ဝန်းကျင် ဖမ်းဆီးခံနေရတဲ့အပြင် အခု နောက်ပိုင်းလမ်းခရီးမှာ လူသေဆုံးမှု သတင်းတွေပါ ကြားသိနေရပါတယ်။

အခုနှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ (၁၁)လ အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် မှုကြောင့် ဖမ်းဆီးရမိသူ (၃၀၃၄၃)ဦးရှိပြီလို့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက ပြီးခဲ့တဲ့အပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိုသို့ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးရမိသူတွေကို ထောင်ဒဏ် (၁) နှစ်ထိ ကျခံနိုင်တဲ့ ၁၉၇၉ ခုနှစ် ထိုင်းလဝကအက်ဥပဒေဖြင့် တရားစွဲအရေးယူလျက်ရှိတယ်လို့ သိရပါတယ်။

"ဒီရက်ပိုင်း ထိုင်းနိုင်ငံထဲမှာ အဖမ်းအဆီး ပိုကြမ်းတယ်။ နယ်စပ်တွေမှာလည်း လေကြောင်း လှည့်ကင်းတွေနဲ့ပါ စောင့်ကြည်နေတာ။ လွတ်ဖို့ မလွယ်ဘူး။ အဖမ်းခံရရင် ငွေလဲကုန် ထောင်လဲကျမှာမို့ဖြစ်နိုင်ရင် မြန်မာနိုင်ငံ သားတွေအနေနဲ့ တရားဝင်လမ်းကြောင်း ဖွင့်မှသာလာကြပါ။" လို့ မဲဆောက်ဒေသအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက အကြံပြုပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ခန့်ကို နှစ်နိုင်ငံသဘောတူ စာချုပ် MOU စနစ်ဖြင့်ခေါ်ယူဖို့ လာမယ့် ဒီဇင် ဘာလအတွင်း စတင်မယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး Mr.Suchat Chonklin မှ နိုဝင်ဘာလ ၃ ရက်နေ့က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၄) ခုနှင့် တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာ ပြောကြားထားတာရှိပါတယ်။

အခုလို မြန်မာ ရွှေ့ပြောင်းလုပ်သား (၈၀၀၀၀)ခန့်ကို ထိုင်းဘက်က ခေါ်ယူမယ့် သတင်းနဲ့ပတ်သက်ပြီး မြန်မာဘက်ခြမ်းမှာလည်း အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် (MOEAF)အဖွဲ့တို့ ဒီလ နိုဝင်ဘာ ၁၂ ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

နှစ်န်ုင်ငံသဘောတူစာချုပ် MOU စနစ်က ရွှေ့ပြောင်းလုပ်သားတွေက ပေးဆောင်ရတဲ့ စရိတ်စကတ် တွေကို နှစ်နိုင်ငံအချိုးတူရရှိစေတဲ့ လုပ်ငန်းစဉ်လို့ ပြောလို့ရတယ်။

သို့ပေမယ့်လည်း ကိုဗစ်ဂယက်အကြောင်းပြပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားများဆီက ရရှိမယ့် ဝင်ငွေပမာဏ လွန်ဆွဲမှုများကြားမှာ တရားဝင်ရွှေ့ပြောင်းသွားလာမှု မရရှိတဲ့ မြန်မာလုပ်သားများဟာ တရားမ ဝင်နယ်စပ်ဖြတ်ကျော်မှုဆိုတဲ့ လမ်းကြောင်းမှာ ပွဲစားလူကယ်ရီများကို အဆမတန်ငွေကြေးပေးပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းခံနေရပါတယ်။

ဒါတင်မက လမ်းမှာဖမ်းမိရင်ထောင်ကျ တစ်ခါတရံ ယာဉ်မတော်တဆဖြစ်က လူသေဆုံးမှုများပင် ကြုံနေရ၍ ငွေကုန် အသံပြာ မိအေးအခါခါ နာကြရလေပြီးလို့ ဆိုရမည်သာ...။

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...