ထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လ အမိန့်ချမှတ်ခံထားရသည့် ရခိုင်ပြည်က ကျောင်းသားလေးဦး၏အမှု ပြင်ဆင်မှုတက်ရောက်ခြင်း ပထမအဆင့်လျှောက်လဲချက်ကို နိုဝင်ဘာလ ၉ ရက်က ပြည်နယ်တရားလွှတ်တော်မှလက်ခံလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။
လာမည့်ရုံးချိန်းတွင် ယင်းအမှုပြင်ဆင်လျှောက်လဲချက်နှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်ကိုပေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
“ဒီနေ့က အမှုကိုလက်ခံပေးဖို့ ပထမအဆင့်အနေနဲ့တင်သွင်းတဲ့ လျှောက်လဲချက်ဖြစ်ပါတယ်။ ပြစ်ဒဏ်လျှော့ဖို့မလျှောဖို့ ပြစ်ဒဏ်ကျမကျဆိုတာတွေက နောက်ရုံးချိန်းမှာလျှောက်လဲချက် ပေးရဦးမယ်” ဟု ဦးလှအော်သိန်းက ပြောသည်။
ကျောင်းသားလေးဦး၏အမှုကို ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်လျှောက်လဲချက်ပေးမည့်နေ့ကို အတိအကျမသိရသေးကြောင်း ၎င်းကဆိုသည်။
“ပြည်နယ်တရားလွှတ်တော်မှာကျရင် တစ်ပတ်လောက်ကြိုပြီးတော့မှ လျှောက်လဲချက် ဘယ်နေ့ခေါ်တယ်ဆိုတာကို စာရင်းကပ်တယ်။ အဲဒီအခါမှသိရမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသော ရခိုင်ပြည်က ကျောင်းသားလေးဦး၏အမှုကို အောက်တိုဘာလ ၄ ရက်နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းသားလေးဦးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က စစ်တွေမြို့တွင်စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းကြောင့် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုခံခဲ့ရပြီး စစ်တွေမြို့နယ်တရားရုံးက စစ်ဆေးပြီးနောက် ထောင်ဒဏ်အမိန့်ချမှတ်ခဲ့သည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါအမှုကို စစ်တွေခရိုင်တရားရုံးထံသို့ အယူခံတက်ခဲ့သော်လည်း ခရိုင်တရားရုံးမှ အမှုကို လက်ခံကြားနာခြင်းမရှိဘဲပလပ်လိုက်သဖြင့် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ အမှုပြင်ဆင်လျှောက်လဲချက် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး စစ်တွေမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို ကြွေးကြော်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားလေးဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကိုဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။