ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသား၊ ကျောင်းသူများတွင် ကျောင်းထွက်လက်မှတ်များရယူရန် အခက်ခဲရှိနေကြောင်း သိရသည်။
ရခိုင်ရှိ သွားလာရခက်ခဲသောမြို့နယ်များမှ ထွက်ပြေးလာကြရသည့်စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူများနှင့် ပလက်ဝမြို့နယ်ဘက်မှ ရခိုင်သို့ထွက်ပြေးရောက်ရှိလာသည့် စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူများတွင် လမ်းခရီးအလှမ်းဝေးသည့်အတွက် ယခုကဲ့သို့ အခက်အခဲဖြစ်နေရခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း မျောက်တောင်၊ သာစည်ရွာဘက်မှ ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းထွက်လက်မှတ်မရသောကြောင့် ရွာသို့သွားပြီး ကျောင်းတက်နေရ၍ အသွားအလာခက်ခဲပြီး လုံခြုံမှုမရှိဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိူးအောင်က ပြောသည်။
"ကျောင်းထွက်လက်မှတ်မပေးတာ ဘာကြောင့်လဲတော့မသိဘူး။ ကလေးတွေကျောင်းသွားတက်ရင် သူတို့နဲ့တူတူ မိဘတွေက အဲ့ရွာကို လိုက်သွားပြီး ချက်ပြုတ်ပေးရတယ်။ သူတို့ရွာဘက်တွေက ခုထိ တပ်တွေစွဲထားတုန်းဆိုတော့ လုံခြုံမှုသိပ်မရှိဘူးထင်တယ်"ဟု ပြောသည်။
အထူးသဖြင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင်ဝင်ရောက်ခိုလှုံနေကြသည့် ပလက်ဝမြို့နယ်ဘက်မှ ကျောင်းသူ/ကျောင်းသားများမှာ လမ်းခရီးဝေးပြီး သွားလာရခက်ခဲနေသည့်အတွက် ကျောင်းထွက်လက်မှတ်များသွားယူရန် အလွန်တရာ အခက်အခဲရှိနေသည်ဟု စစ်တွေမြို့ ဥဿလင်းကျောင်းတိုက်စစ်ဘေးရှောင်စခန်းရှိ ပလက်ဝမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်ကြီးက နိရဥ္စရာကို ပြောသည်။
“တစ်ရွာလုံးမီးလောင်သွားတော့ ကျောင်းက စာရွက်စာတမ်းတွေပါသွားတယ်။ တစ်ခုမှမရှိတော့ဘူး။ အဲ့ဒါကို ဒီမှာကျောင်းသွားအပ်တော့ ကျောင်းထွက်လက်မှတ်မရှိရင် စာမေးပွဲဖြေခွင့်မရှိဘူးပြောတယ်”ဟု ပြောသည်။
ဥဿလင်းကျောင်းတိုက်တွင် စစ်ဘေးရှောင်ဦးရေ ၁၈၅ ဦးရှိပြီး KG တန်းမှ ၁ဝ တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၅ဝ ဦးခန့်ရှိသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားများအား ထိခိုက်နစ်နာမှုမရှိအောင် ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာမေးပွဲမဖြေရဘူးဆိုတဲ့ အခွင့်အရေးကို ဆုံးရှူံးအောင်မလုပ်ပါဘူး။ သက်ဆိုင်ရာ ကျောင်းအုပ်တွေနဲ့ အဆင်ပြေအောင်လုပ်ပေးသွားမှာပါ”ဟု ပြောသည်။
ကိုဗစ်ကြောင့် ၄ လခန့်အကြာပိတ်ထားခဲ့သည့် ထက်၊ လယ်၊ မူ စာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
စစ်ဘေးရှောင်စခန်းများရှိ ကျောင်းသူ၊ ကျောင်းသားများသည်လည်း စခန်းတွင်းနှင့် စခန်းနှင့်နီးစပ်သည့်ကျေးရွာများရှိ စာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြရသည်ဟု သိရသည်။
ရခိုင်တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၈ သောင်းကျော်ကျန်ရှိနေသေးပြီး ယင်းအထဲတွင် ထက်၊ လယ်၊ မူအဆင့်ကျောင်းနေအရွယ် ကလေးအများအပြားပါဝင်နေသည်ဟု သိရသည်။