စစ်ကောင်စီတပ်ဖွဲ့များလက်ချက်ဖြင့် အောက်တိုဘာအတွင်း အရပ်သား ၇၉ ဦး သေဆုံး ၂၇ ဦး ဓါးစာခံ အဖြစ်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်ဖွဲ့များလက်ချက်ဖြင့် အောက်တိုဘာအတွင်း အရပ်သား ၇၉ ဦး သေဆုံး ၂၇ ဦး ဓါးစာခံ အဖြစ်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၇၉ ဦး သေဆုံးခဲ့ရပြီး ဓားစာခံအဖြစ်ဖမ်းဆီးခံရသူ ၂၇ ဦးပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုဝင်ဘာလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 

သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ၁၇ ဦး သေဆုံးခဲ့ရာ အမျိုးသမီး ၆ ဦးနှင့် အသက်မပြည့်သေးသည့်ကလေးသူငယ် ၃ ဦး ပါဝင်သည်ဟု  နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် AAPP ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

 

သေဆုံးမှုများအပြင် တစ်လအတွင်းစစ်ကောင်စီ၏ တရားလက်လွတ်ဖမ်းဆီးခံရသူ ၃၁၉ ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ် ၈၉ ဦး ပါဝင်သည်ဟု AAPP ၏ ထုတ်ပြန် ချက်အရ သိရသည်။

 

ယင်းသို့သေဆုံးသွားသူများအနက် အောက်တိုဘာလ ၂၅ ရက်နေ့ညက တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာမှ NLD အဖွဲ့ဝင် လူငယ် ကိုမင်းမင်းသူလည်း ပါဝင်သည်ဟု ဆွေမျိုးတော် စပ်သူတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

 

“လိုင်းပေါ်မတင်ဖို့ အရာရှိ တစ်ယောက်က ခြိမ်းခြောက်ထားတော့ မိသားစုတွေက ကြောက်နေကြတယ်။ အလောင်း ပြန်မရလာဘဲ ရွာပြန်ခဲ့ကြရတယ်” ဟု ၄င်းက ပြောသည်။

 

အသက် ၂၆ နှစ်အရွယ်၊ ကိုမင်းမင်းသူကို တနင်္သာရီမြို့နယ်က စရဖရုံးဝန်းအတွင်း စရဖဗိုလ်ကြီး မင်းဆွေဦး၏ ကား ဗုံးဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းဖို့ရှိသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

အလားတူ အောက်တိုဘာ ၂၈ ရက်ညပိုင်းတွင်လည်း မြောင်းမြမြို့ တဘက်ကမ်း ကွယ်လွယ် ကျေးရွာရှိ ပရဟိ တလုပ်နေသူ ပန်းချီဆရာ ကိုဟိန်းဇော်အောင်လည်း ဖမ်းဆီးခံခဲ့ရသည်။

 

“အိမ်တံခါးကို ကန်ကျောက် ဖွင့်သံကြားတယ်။ သေနတ်မောင်းတွေကို “ဗြောင်း”ကနဲ ဆွဲတင်ပြီး ဟိုချိန်ဒီချိန် လုပ်ပြီးဖမ်းတာ။ ခွေးတောင် ဟောင်ပြီး ထွက်ပြေးတယ်” ဟု ကွယ်လွယ်ကျေးရွာနေ ရွာသားတစ်ဦး က ပြော သည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၅၆၀၀ ကျော်ကို စစ်ကောင်စီလွှတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် လွတ်မြောက်လာသူမှာ ၄၀၀၀ ကျော်သာရှိပြီး ပြန်လည်ဖမ်း ဆီးခံရသူ ၁၂၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...