စစ်ကောင်စီတပ်ဝင်ရောက်ဖမ်းဆီးမှုကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဝင်ရောက်ဖမ်းဆီးမှုကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေး ရွာထဲသို့ဝင်ကာ မသင်္ကာသူများကို လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်သည့်အတွက် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကျေးရွာ (၄) ရွာမှဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့က သစ်ကတိုးနှင့် ဟာမြင်းကြီးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲဝင်၍ လူအချို့ကို လာရောက်ဖမ်းဆီးမှုများလုပ်ဆောင်သောကြောင့် သစ်ကတိုးရွာ၊ မြေးခန္တီရွာ၊ ရေပုရွာနှင့် ထန်းတလုံးရွာ စသည့်ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၃၀၀)နီးပါးခန့်ရှိ ဒေသခံ (၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကို လိုက်လံကူညီပေးသူများက ပြောသည်။

“စစ်တပ်က ရွာထဲဝင်ပြီး အဖမ်းအဆီးတွေလုပ်တော့ တချို့ ဖမ်းဆီးခံရတာရှိတယ်။ ပြည်သူတွေလည်း ရွာမှာ မနေရဲတော့ဘူး၊ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေတယ်။ ရွာမှာကျန်နေသေးတဲ့သူတွေက စစ်တပ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့လူတွေပဲ ကျန်နေတယ်။ ပြည်သူတွေက အခုအခြားရွာမှာ သွားတိမ်းရှောင်နေတယ်”ဟု တိမ်း ရှောင်နေရသူများကို လိုက်လံကူညီဆောင်ရွက်ပေးသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါထွက်ပြေးနေရသည့် ပြည်သူများမှာ ကရင်နှင့် ထားဝယ်တိုင်းရင်း သားလူမျိုးများဖြစ်ကြပြီး လက်ရှိတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း ၎င်းလိုက်လံ ကူညီဆောင်ရွက်ပေးသူက ဆက်ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် စစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ ၄၀၆၊ ခမရ ၄၀၇ တို့မှ တပ်ဖွဲ့အင်အား ၁၀၀ ကျော်သည် သစ်ကတိုးကျေးရွာတွင် တပ်စွဲထားကာ အနီးအနားကျေးရွာများရှိ မသင်္ကာ သူများကို လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ တိမ်းရှောင်ရသည့် ဒေသခံများမှာ နေရပ်ပြန်ရန် မလွယ်ကူသေးသည့်အခြေအနေတွင်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ထဲရှိ သစ်ကတိုးရွာနှင့် ဟာမြင်းကြီးကျေးရွာများတွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦး ကျဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သစ်ကတိုးကျေးရွာတွင် ၃ ရက်ကျော်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းနှင့်ဆက်စပ်၍ တောနင်းရှာဖွေ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...