ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို စစ်ကောင်စီမှပြင်ဆင်ပြီး ပြစ်ဒဏ်ကိုလည်း မူလက ငွေဒဏ်အစား ထောင်ဒဏ်အဖြစ် တိုးမြှင့်လိုက်ခြင်းမှာ အွန်လိုင်းသတင်းဌာနများကို ထိန်းချုပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မီဒီယာအသိုင်းအဝိုင်းမှ ရှုမြင်ကြသည်။
“ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ”ကို စစ်ကောင်စီမှ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြင်ဆင်ချက်ပုဒ်မ(၂)တွင် “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း”ဆိုသည်မှာ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်သည့်အစီအစဉ်များကို အများပြည်သူက တိုက်ရိုက်ဖမ်းယူရရှိနိုင်စေရေးအတွက် မြေပြင်အခြေစိုက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်စက်များ၊ မြေပေါ်မြေအောက်ဆက်ကြောင်းကြိုးများ၊ ဂြိုဟ်တုများမှတစ်ဆင့် ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားနည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ ထုတ်လွှင့်ခြင်းကို ဆိုသည်ဟုပါရှိသည်။
ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက်တစ်ဦးက “အခုက အွန်လိုင်းသတင်းဌာနတွေကို ထိန်းချုပ်ဖို့ လုပ်လာတယ်။ ဒီဟာက မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ဆက်လုပ်ခွင့်မရအောင်၊ ပျောက်ကွယ်သွားအောင် လုပ်နေတဲ့ပုံစံဖြစ်နေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဖော်ထုတ်နေတဲ့ သတင်းမီဒီယာတွေကို တမင်သက်သက် ထိန်းချုပ်ဖို့လုပ်လာတာလို့မြင်မိတယ်”ဟု ပြောသည်
ယခု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ချက်သည် နိုင်ငံတကာဥပဒေအောက်တွင် အကာအကွယ်ပေးထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့်အရေးဆောင်ရွက်နေသည့် Free Expression Myanmar(FEM)က ထုတ်ပြန်ထားသည်။
အဆိုပါဥပဒေပြင်ဆင်ချက် ပုဒ်မ(၂)သည် ယခင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုထုတ်လွှင့်သူများအတွက်သာ ကန့်သတ်ထားသည်ကိုကျော်လွန်ပြီး ယခုအခါ YouTube ၊ Facebook ၊ Tik Tok ၊ မီဒီယာဝက်ဆိုဒ်များနှင့် ဗွီဒီယိုများ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဒစ်ဂျစ်တယ်ဗားရှင်းများကိုလွှင့်တင်ရန်အသုံးပြုသည့် အခြား ပလပ်ဖောင်းများအပါအဝင် အင်တာနက်အတွက်လည်းအကျုံးဝင်သည်။
ပြင်ဆင်ချက် ပုဒ်မ(၃) မှ (၇)တွင် ပြစ်မှုအသစ်လေးခုကိုထည့်သွင်းထားပြီး ပုဒ်မ ၈ သည် တရားရုံးဝရမ်းမပါဘဲ ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ပြင်ဆင်ချက်ပုဒ်မ(၃)သည် လိုင်စင်မရှိဘဲရုပ်သံလွှင့်ခြင်းကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ပြီး တည်နေရာမခွဲခြားဘဲ အင်တာနက်ပေါ်တွင်ထုတ်လွှင့်သည့် မည်သူ့ကိုမဆိုအကျုံးဝင်သောကြောင့် ပြင်တွင်းမီဒီယာများအပြင် ပြည်မမီဒီယာများကိုလည်း အသုံးပြုနိုင်ကြောင်းနှင့် ပုဒ်မ(၄)နှင့် (၆)တို့သည် လိုင်စင်သက်တမ်းကုန်ဆုံးချိန် (သို့မဟုတ်) ရပ်စဲသည့်အခါတွင် ရုပ်သံလွှင့်ခြင်းကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ပါရှိသည်။
ယခင်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်ကျော်က “အရင်ကတည်းက ရုပ်သံဥပဒေကိုပြဋ္ဌာန်းထားပေမယ့် တစ်ခါမှလည်း ကျင့်သုံးတာမရှိခဲ့ဘူး။ အခုတော့ အရေးယူမယ့်အပိုင်းက စတာပေ့ါ။ တကယ်တမ်းကျတော့ ကျင့်သုံးဖို့ဆိုရင် ရုပ်သံကောင်စီဖွဲ့ရမယ်။ ရုပ်သံလိုင်စင်တွေ လျှောက်ခွင့်ရှိရမယ်။ အခုက အဲဒီအဆင့်ကိုရောက်အောင်မကြိုးစားဘူး။ အဲဒီအဆင့်ကျော်ပြီး အရေးယူဖို့ အတွက်ကို အွန်လိုင်းပေါ်ကပြောင်းတယ်ဆိုတော့ ဒီဥပဒေက အလွဲသုံးရင် ခံရမယ့်သဘောရှိတာပေ့ါ”ဟု ပြောသည်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော်လည်း NLD အစိုးရမှ ကျင့်သုံးခြင်းမရှိခဲ့ပေ။ သို့သော် ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းယူခဲ့သည့် စစ်တပ်က အဆိုပါဥပဒေကိုပြင်ဆင်လိုက်ခြင်းသည် မီဒီယာကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး တရားရေးဆိုင်ရာတိုးတက်မှုကို ဆယ်စုနှစ်တစ်ခုနောက်ပြန်ဆုတ်သွားစေသည်ဟု FEM က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ၉ ခု၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ရုပ်သိမ်းခဲ့သည်။
Published
Friday, November 05, 2021
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှတ်ခြင်းဥပဒေကို စစ်ကောင်စီမှ ပြောင်းလဲပြင်ဆင်လိုက်ခြင်းသည် အွန်လိုင်းသတင်းဌာနများကို ထိန်းချုပ်လိုဟု ရှုမြင်ကြ