သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ယွဲ့ကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
အသက် (၁၂)နှစ်အရွယ် စိုင်းထွန်းအေးသည် နိုဝင်ဘာ (၃)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် ကျွဲ (၂)ကောင်ဖြင့် လယ်သွားချိန် မြေမြုပ်မိုင်းနင်းမိကာ ကျွဲ (၂)ကောင်နှင့်အတူ စိုင်းထွန်းအေးလည်း သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“သူ့ကျွဲကို သွားကျောင်းဖို့အတွက် သွားတဲ့လမ်းမှာ မြေမြုပ်မိုင်း နင်းမိခဲ့တာ။ သူက ကျွဲစီးသွားတာ။ ကျွဲ ၂ ကောင်စလုံး သေတယ်။ သူက ဆေးရုံရောက်မှ ဆုံးသွားတယ်’’ ဟု လွယ်ယွဲ့ဒေသခံတစ်ဦးက ပြောသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲသည် စက်တင်ဘာလပိုင်းက စတင်လာခဲ့ပြီးနောက် အောက်တိုဘာ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာမှ အမျိုးသား (၂)ဦးလည်း မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ထိုတိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲကြား မြေမြုပ်မိုင်းများအသုံးပြုလာသည့်အပေါ် မိုင်းကိုင်ဒေသခံ ပြည်သူများ တောင်ယာသွားရန်အတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။
ယခုရာသီ အချိန်သည် ကောက်စိုက်ရိတ်သိမ်းရမည့်အချိန် ဖြစ်သည့်အတွက် ပြည်သူများ တောင်ယာ သွားသည့်လမ်းကြောင်းတွင် မြေမြုပ်မိုင်းများ လာရောက်ရှင်းလင်းပေးရန် ဒေသခံတွေက တောင်းဆိုလိုက်သည်။
“ဘယ်အဖွဲ့မဆို မိမိမြေမြုပ်မိုင်းတွေကို ပြန်ရှင်းလင်းပေးစေချင်တယ်။ ဒီလို စစ်ရေးတင်းမာချိန် ပြည်သူတွေနဲ့ အနီးမှာ လာနေပြီး တိုက်ပွဲမဖြစ်စေချင်ဘူး။ ပြည်သူတွေရဲ့အသက် အိုးအိမ်ကို ဖေးမစေချင်တယ်” ဟု လွယ်ယွဲ့ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
ဆက်လက်ပြီး နိုဝင်ဘာ (၁)ရက်တွင် မိုင်းကိုင်မြို့နယ် လွယ်ယွဲ့ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်တစ်ချို့ လက်နက်ကြီး ကျည်ထိမှန်ခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
“လက်နက်ကြီး ကျည်ကြောင့် (၃)အိမ်လောက်ထိသွားတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိရဘူး။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ပြန်ပြုပြင်ပေးစေချင်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်းကြောင့် လက်ရှိချိန်ထိ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှာ စစ်ရှောင် (၅၀၀)ကျော် နေရပ်သို့ မပြန်နိုင်သေးပဲ စားနပ်ရိက္ခာအခက်ခဲ ဖြစ်နေကြောင်း သိရှိရသည်။