ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့က CDF-Mindat ၏ ချူံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း ယင်းသည် စစ်ကောင်စီမှ ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Mindat ကထုတ်ပြန်သည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က မင်းတပ်မြို့ပေါ် စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စကစတပ်များကို CDF-MINDAT က ချုံခိုတိုက်ခိုက်ခဲ့၍ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
“အစကတော့ အရှိန်ယူမယ် စီမံခန့်ခွဲမယ် တိုက်ခိုက်မယ်ပေါ့နော် ထန်တလန်ကိစ္စလည်းပေါ်လာတော့ ချက်ချင်း တစ်ခုခုတုံ့ပြန်ရင်ကောင်းမယ် ဆိုပြီးမှပေါ့နော် အချိန်မနှောင်းခင်ပေါ့လေ လုပ်ဖြစ်သွားတာပေါ့ ကျနော်တို့ အပြန်အလှန်ပစ်ကြတာ နာရီဝက်လောက်ကြာမယ် ကျနော်တို့ဘက်ကတော့ တစ်ယောက်က ကျည်ဆံရှပ်ထိသွားတာပေါ့နော် ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ၊ ဟိုဘက်(စကစ)ကတော့ အနည်းဆုံး ၈ ယောက်လောက် ဒဏ်ရာရတယ်၊ ၃ ယောက်လောက်က သေဆုံးသွားတယ် အလောင်းတွေဆွဲထုတ်သွားတယ်” ဟု ကိုယောမာန်က ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စိချဲ့လမ်းဆုံ အနီးရှိ ဘုရားကျောင်တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးရှို့မှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၄ အိမ်လောင်ကျွမ်းပြာကျခဲ့ပြီး ယင်းကိစ္စအတွက် စစ်ကောင်စီကို CDF-Mindat က ပထမဆုံး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။