မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီသည် အောက်တိုဘာ ၃၀ ရက် နေ့ ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် ယမန်နေ့ ည ၇ နာရီဝန်းကျင် အချိန်ခန့်က အုပ်ချုပ်ရေးမှူး ရုံးသွားရာလမ်းတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“အပစ်ခံရတာက လမ်းမှာ ဒဏ်ရာ ၅ ချက် ရသွားပြီးတော့ အပစ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ဦးလှရီ ကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးလှရီသည် မော်လမြိုင်မြို့နေ ပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ လုပ် ဆောင်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီ ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ်ရှိ လမ်းအတော် များ များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့် အပြင် နေအိမ် အချို့တို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း မောင်ငံရပ်ကွက်က ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရပြီး အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီက ဒုတိယမြောက် ပစ်သတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ ဝင် ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြိးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏ ဖြစ်ပွား လေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့် ဖြစ်စဥ်လည်း ရှိလာသည်။