စစ်ဘေးရှောင်များ နေရပ်ဘေးကင်းစွာပြန်ရေး နှစ်ဖက်ညှိနိုင်ရန်လို

စစ်ဘေးရှောင်များ နေရပ်ဘေးကင်းစွာပြန်ရေး နှစ်ဖက်ညှိနိုင်ရန်လို

ရခိုင်တွင် ကျန်ရှိနေသေးသည့် စစ်ဘေးရှောင်ပြည်သူ ၈ သောင်းကျော် ဘေးကင်းစွာဖြင့် နေရပ် ပြန်နိုင်ရေးမှာ လက်ရှိ နစကကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား နှစ်ဖက် ညှိနိုင်း ဆွေးနွေးမှသာ အဆင်ပြေနိုင်မည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုလိုက်သည်။

“တစ်ဖက်မှာလဲ အဲဒီနေရာတွေဟာ အေအေရဲ့ ထိန်းချုပ်နေရာတွေမှာ ရှိသလား။ အဲဒါတွေကိုတော့ စစ်တပ်ဘက်က စဥ်းစားမှာပေါ့။ ဒီအချိန်မှာတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေးလို့ရတဲ့ ကာလမျိုးမှာတော့ နှစ်ဖက်ဆွေးနွေးဖို့လိုတယ်။ အဲလို့လုပ်ပေးမှာသာ စစ်ဘေးရှောင်ပြည်သူ့တွေလည်း ဘေးကင်းစွာ ပြန်နိုင်မှာပေါ့” ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၃၀၀၀ ကျော်မှာ အောက်တိုဘာ ၂၂ ရက်နေ့ နေရပ်ပြန်ရန် အစီအစဉ်ရှိသော်လည်း ပြည်နယ်/ မြို့နယ် တာဝန်ရှိသူများ၏ ခွင့်ပြုချက် မရရှိသဖြင့် ယနေ့ထိ မပြန်နိုင်ဘဲ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက် ခိုလှုံနေကြရသည်။ အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးဖေသန်းက ထိုသို့  ပြောကြားသွားသည်။

၎င်းပြင် ဦးဖေသန်းက “ပထမဆုံးက စစ်ဘေးရှောင်တွေ အိမ်ပြန်ချင်စိတ်ရှိဖို့လိုတယ်။ အခုချိန်မှာ တပ်မတော်နဲ့ အစိုးရဆိုတာ အတူတူပဲဖြစ်ပါတယ်။ တပ်မတော်က အဲနေရာတွေမှာ စစ်ဆင်ရေး လုပ်တဲ့အခါ မီးရှို့မှုတွေ ဖြိုဖျက်မှုတွေရှိခဲ့တယ်။ အဓိက ကိုယ့်ရဲ့ နိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ ပြန်ပြီး တည်ဆောက်ပေးရမဲ့ တာဝန်ဟာ အစိုးရမှာ လုံးလုံးတာဝန်ရှိတယ်။ နောက်တစ်ခုက အဲဒီနေရာတွေမှာ မိုင်းရှင်းလင်းရေး ကိစ္စတွေကို အစိုးရက သေချာလုပ်ပြီးမှာ ရွာသားတွေကို ကိုယ်နေရပ်ကို စိတ်ချ လုံခြုံစွာပြန်နိုင်မယ့် အခြေအနေ ဖန်တီးပေးဖို့လိုတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လူပေါင်း ၂ သိန်းကျော် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ယင်းအထဲမှ စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်မှာ လက်ရှိတွင် တိုက်ပွဲများရပ်တန့်သွား၍ အခြေအနေတည်ငြိမ်သွားသဖြင့် အစိုးရ၏ အကူအညီ မပါဘဲ မိမိအစီအစဉ်ဖြင့် မိမိ နေရပ်ပြန်သွားခဲ့ကြသည်။ လက်ရှိ စစ်ဘေးရှောင် စခန်းတွင်း နေထိုင်သူမှာ  ၆၄၀၀၀ နှင့် စခန်းပြင်ပတွင် နေထိုင်သူ ၂၄၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) စာရင်းအရ သိရသည်။

စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ လူငယ်စာရေးဆရာကိုဝေဟင်အောင်က “သူတို့က အပြောပဲ ရှိတယ်။ လက်တွေ့ မရှိဘူး။ အစိုးရက ဒီစစ်ဘေးရှောင်စခန်းနေတဲ့ သူတွေကို မျှော်လင့်ချက်ပေးသလိုပဲဖြစ်တယ်။ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်တဲ့ အရည်အချင်းမရှိဘူးလို့ ကျနော်မြင်တယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ ဆိုတာ ပေးလိုက်ကတိအပေါ်မှာ တည်ဖို့ ပိုအရေးကြီးတယ်။ စကားပုံတောင်ရှိတယ်။ "မင်းမှာ သစ္စာ လူမှာ ကတိ" ဆိုတာ မင်းမှာ သစ္စာတရားက ပိုအရေးကြီးတယ်ပေါ့နော်။ အစိုးရ တစ်ရပ်အနေနဲ့လည်း ဥပက္ခာမပြုသင့်ဘူးပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများမှာ  လုံလောက်သည့်စားနပ်ရိက္ခာကူညီ ထောက်ပံ့မှု မရရှိသလို အလုပ်အကိုင်မရှိ၊ စီးပွားများပျက်ကာ ကန့်သတ်မှုများအကြား နေထိုင်ရသဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများခံစားနေကြရ၍ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် အမြန် စီစဉ် ပေးသင့်သည်ဟု ရခိုင်အမျိုးသမီးများ ကွန်ရက်ရဲ့  ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောဆိုသည်။

“နေရပ်ပြန်သွားတဲ့အခါမှာလည်း အာမခံချက် ရှိနိုင်မလားဆိုတာက စိုးရိမ်စရာပါ။ သူတို့ ပြန်သွားတဲ့အခါ စားဝတ်နေရေးအတွက် ဘယ်နှစ်လမျှ တာဝန်ယူပြီးတော့ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ကျွေးမွေးစောင့်ရှောက်ထားနိုင်မလဲ။ ဒါက အရေးကြီးတယ်။ အခု ကျမတို့ ရခိုင်ပြည်မှာ ကုန်စျေးနှုန်းတွေ တဖြည်း တဖြည်းတက်လာတယ်။ ကျမတို့လို မြို့ပေါ်ကို မှီခိုလုပ်ကိုင်စားသောက်နေတဲ့ သူတွေတောင်မှာ ကုန်စျေးတွေကို လက်လှမ်းမရနိုင်ဘူးဆိုတော့ စစ်ဘေးရှောင်စခန်းတွေက လူတွေအတွက် မတွေးရဲစရာပဲ။ အခု စစ်ဘေးရှောင်စခန်းက လူတွေ စိတ်ဒဏ်ရာတွေ တအားရနေတယ်။ အဲထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုသနားဖို့ ကောင်းတယ်။ အဲဒါကြောင့် စစ်ဘေးရှောင်တွေ ပြန်ဖို့ဆိုရင် ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက် ချပြီးတော့ အာမခံချက်ပေးနိုင်မှာ ပြောင်းရွှေ့ဖို့ သင့်တော်တယ်လို မြင်တယ်” ဟု ပြောသည်။

စစ်ဘေးရှောင်အများစုမှာ တောသူ တောင်သားများဖြစ်ကြပြီး  သဘာ၀အရ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးများ လုပ်ကိုင်သလို တစ်ဘက်တွင်လည်း တောတောင်၊ မြစ်ချောင်းများကို မှီခို အသက်မွေး ဝမ်းကျောင်း ပြုကြသူများဖြစ်၍ သူတို့အိမ်ပြန်ကြသည့် လွတ်လပ်စွာ အလုပ် လုပ်ကိုင်နိုင်ရန်   ကျေးရွာများ၏ အနီးအနားတွင် ကျန်ရှိနေသည့် မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများကိုလည်း အမြန်ရှင်းလင်းပေးရန်လိုသည်ဟု သူမက ပြောကြားသည်။

ကျောက်တောမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းတစ်ခုတွင် ခိုလှုံနေသည့် တင်းမကျေးရွာသား ဦးဘဗြဲချေက မြို့ပေါ်တွင်စစ်ဘေးရှောင်ဘဝနှင့် နေထိုင်ရသည်မှာ အခက်အခဲများစွာရှိပြီး  အဆင်မပြေမှုများလည်း ရှိနေ၍ နေရပ်ပြန်လိုသည့်အတွက် ဝိုင်းဝန်းကူညီဖြေရှင်းပေးစေလိုကြောင်း ပြောသည်။

"ကိုယ့်နေရာကိုယ့်ဒေသကို မပြန်ချင်တဲ့သူဘယ်သူရှိမှာလည်းနော်။ မြို့ပေါ်က စစ်ဘေးရှောင် စခန်းတွေမှာ နေလို့ တိုးတက်လမ်းမရှိသလို အနာဂတ်လည်း မရှိဘူး။ စခန်းထဲမှာ နေရတာကလည်း မွန်းကျပ်နေတယ်။ ။ သားသမီးတွေရဲ့ ပညာရေးကလည်း ပျက်စီးသွားပြီ။ ကလေးတွေလည်း  ဒုက္ခရောက်နေကြရတယ်။ အခုလိုဒုက္ခရောက်နေတာကို ဝိုင်းဝန်းကူညီပြီး ဖြေရှင်းပေးစေချင်တယ်"ဟု ပြောသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...