အာဏာသိမ်းစစ်ကောင်စီက ဘားကောင်စီဟုလူသိများသော တရားလွှတ်တော်ရှေ့နေများကောင်စီကို အစားထိုးပြန်လည်ဖွဲ့စည်းလိုက်သည့်အတွက် လူထုအကျိုးရှေ့ရှု့မည့် တရားလွှတ်တော်ရှေ့နေများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ရှေ့နေကြီး ဦးကြီးမြင့်က ဝေဖန်လိုက်သည်။
ဘားကောင်စီသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ရန် ထောက်ခံပေးရသလိုကောင်စီအနေဖြင့်လည့်း ရှေ့နေလိုင်စင်ကို အပြီးသတ်ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာလည်းရှိသည်။
"အခုဟာက ၁၉၈၀ ခုနှစ်တုန်းက အာဏာသိမ်းပြီးတော့ ဗိုလ်စောမောင်က ဘားကောင်စီကိုပြင်ဆင်ဖွဲ့စည်းလိုက်သလိုဘဲ အခု စစ်ကောင်စီကလည်း အဲ့ဒီ့အတိုင်းပဲလိုက်လုပ်တာ။နောက်ကြောင်းပြန်ဆုတ်ရုံတင်မကဘူး၊ ဒါစစ်အာဏာရှင်တို့ရဲ့လက္ခဏာဘဲ။ ရှေ့နေဖြစ်ဖို့ ရှေ့နေတွေက ရွေးချယ်ခွင့်မရှိတော့ဘူး။ စစ်ကောင်စီအလိုကျသာဖြစ်သွားပြီ။ ဒါဆို လူထုအကျိုးရှေ့ရှု့မယ့်ရှေ့နေတွေနည်းလာတဲ့အတွက် ဥပဒေစိုးမိုးရေးဟာ စစ်ကောင်စီအလိုကျဖြစ်သွားပြီ။" ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ယနေ့ အောက်တိုဘာ ၂၉ ရက်ထုတ်စစ်ကောင်စီအာဘော်ကြေးမုံသတင်းစာတွင် "တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်း" ကြောင်း ပါရှိသည်။
ထို့အပြင် ပုဒ်မ ၄၊ ပုဒ်မ ၅ ၊ ပုဒ်မ၂၀၊ ပုဒ်မ၂၁၊ ပုဒ်မ ၂၂စသည့် ပုဒ်မ ၅ခုကိုလည်း ပြင်ဆင်လိုက်သည်။
ကောင်စီအက်ဥပဒေပုဒ်မ ၄ ပြင်ဆင်မှုသည် ကောင်စီအစားထိုးဖွဲ့စည်းမှုဆိုင်ရာဖြစ်သည်။
မူလပုဒ်မ ၅ နှင့် ၆ သည် ကောင်စီကိုဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေများကို ရွေးချယ်ခန့်ထားရေးအတွက် ပြဌာန်းချက်များဖြစ်ရာ ယခုအခါတွင် စစ်ကောင်စီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်မှာဖြစ်သည့်အတွက် ပုဒ်မ ၅ ကိုမလိုအပ်တော့၍ ဖြုတ်လိုက်ခြင်းဖြစ်သည်။
ပုဒ်မ ၂၀နှင့် ၂၁ တို့တွင်ပြောင်းလဲမှုသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးဆိုသည့် စကားရပ်အစား ဥပဒေရေးရာဝန်ကြီးဌာနဆိုပြီး အစားထိုးပြင်ဆင်မှုဖြစ်သည်။
ပုဒ်မ ၂၂ ကိုပြောင်းလဲမှုကတော့ အစားထိုးအမည်ပြောင်းလိုက်သည့် ဥပဒေရေးရာဝန်ကြီးဌာနတွင် ပါဝင်လာသည့် အစိုးရဝန်ထမ်းမဟုတ်သည့်ရှေ့နေများအတွက် စရိတ်ချီးမြှင့်ငွေကို အစိုးရသဘောတူညီချက်ဖြင့်သတ်မှတ်ပေးခြင်းဖြစ်သည်။
စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သော ဘားကောင်စီတွင်အဖွဲ့ဝင် ၁၁ ဦး ပါဝင်လာသည်။
လက်ရှိတွင် နိုင်ငံတော်၏ အတိုင်င်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှုအား လိုက်ပါဆောင်ရွက်နေသော ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှာ ဘားကောင်စီအတွင်းရေးမှူးအဖြစ်မှ ရပ်စဲခံလိုက်ရပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
"ကျနော် ခင်မောင်ဇော် ဘားကောင်စီအတွင်းရေးမှူးမဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေလူ့အခွင့်အရေးရှေ့နေအဖြစ်ကတော့ တည်ဆဲပါ။ (စိတ်ချမ်းသာလိုက်တာ)" ဟု ရေးသားထားသည်။