ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တိုးတက်အောင်မြင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်တည်း မိရိုးဖလာလုပ်ကိုင်သည့် ပုံစံကို ပယ်ဖျက်ပြီး စုပေါင်းလုပ်ကိုင်သည့် အစုအဖွဲ့ နည်းစနစ်ဖြင့် စက်ကရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရန် လိုအပ်နေပြီး ထိုသို့လုပ်ကိုင်ရန် နည်းပညာနှင့် အရင်းအနှီးများ လိုအပ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် ဦးအောင်စောမြက နိရဥ္စရာကိုပြောသည်။
“နည်းပညာအခက်ခဲတွေ၊ အရင်းအနှီးတွေလိုမယ်။ ငွေကြေးတွေ ထောက်ပံ့ ပေးဖို့လိုပါတယ်။ နည်းပညာအခက်အခဲ၊ ငွေကြေးမလုံလောက်မှု စတဲ့ အခက်ခဲတွေကြောင့် ကျနော်တို့ရခိုင်ဒေသမှာ စိုက်ပျိုးလုပ်ကိုင်လို့ရမယ့် မြေနေရာတွေ အများကြီးရှိပေမယ့် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေတယ်။ စိုက်ပျိုး မြေတွေကို ဒီအတိုင်း လွှတ်ထားရတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တစ်ဦး တစ်ယောက်တည်း စိုက်ပျိုးခြင်းထက် စုပေါင်းပြီး အသင်းအဖွဲ့ဖြင့် လုပ်ကိုင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပိုမိုတွင်ကျယ်လာမည်ဖြစ်သလို အားသာချက်များလည်းရှိလာမည်ဟု ဆက်ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးမှုမရှိ၍ ပြည်နယ်တွင်းသို့ ပြည်မဘက်မှ စိုက်ပျိုးသီးနှံများကို တစ်ရက်လျှင် ငွေကျပ် သိန်းရာနှင့်ချီ၍ ဝယ်ယူတင်သွင်းနေရသည်ဟု သိရသည်။
ရခိုင်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာများနှင့် ငွေကြေးများ အကုန်အကျခံလုပ်နိုင်ပါက စီးပွားရေးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး လက်ရှိတွင် မိရိုးဖလာနည်းအတိုင်းသာ စိုက်ပျိုးနေရသောကြောင့် စိုက်ပျိုးသူများတွင် အရှုံးပေါ်နေသည်ဟု မြောက်ဦးမြို့နယ် ဂုဏ်ကျွန်းကျေးရွာမှ ကိုင်းသီးနှံစိုက်ပျိုးသူ ဒေါ်ခင်အေးရွှေက ပြောသည်။
“ကျမတို့ဘက်မှာ ခေတ်မီနည်းပညာနဲ့ စိုက်သူတွေမရှိပါဘူး။ တကယ်လို့ အဲ့လိုသာ စိုက်ပျိုးနိုင်ရင် စျေးကောင်းရပြီး အမြတ်တွေလည်းရမှာ။ အခုက မိရိုးဖလာစိုက်နည်းအတိုင်းပဲ စိုက်တာဆိုတော့ ပြည်မဘက်ကိုလည်း တင်ပို့တာလည်းမရှိဘူး။ အရှုံးပေါ်တာများတယ်” ဟု ပြောသည်။
ရခိုင်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပက်သက်၍ အခြေခံမှစပြီး နည်းပညာပိုင်းဆိုင်ရာ အသိပညာပေးမှုအားနည်းသောကြောင့် စိုက်ပျိုးရန် မြေနေရာများစွာရှိနေသော်လည်း ထင်သလောက် မစိုက်ပျိုးနိုင်သည့်အတွက် စျေးကွက် မတွင်ကျယ်ရခြင်းဖြစ်သည်ဟု စိုက်ပျိုးမွေးမြူရေး နည်းပညာ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သော Green way ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ကိုသိန်းစိုးမင်းက ပြောသည်။
"ရခိုင်မှာ ဆောင်းရာသီမှာစိုက်မယ့် သီးနှံတွေဆိုရင်လည်း မြေနေရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ စိုက်မယ့်သူတွေအားနည်းတယ်။ အလေ့အထ သိပ်မရှိကြဘူး။ ရခိုင်ဘက်မှာဆိုရင် တချို့သီးနှံတွေဆိုရင် စျေးရတဲ့အချိန်ကျ တအားရကြတယ်။ စျေးကျတဲ့အချိန်ဆိုရင် မရောင်းရလို့ လွှင့်ပစ်ရတာတွေ အများကြီးရှိတယ်" ဟု ပြောသည်။
ရခိုင်တွင် ပြည်မဘက်သို့တင်ပို့နိုင်သည်အထိ သီးနှံများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လာပါကလည်း သီးနှံများကို သိုလှောင်မည့်အအေးခန်းများလည်း လိုအပ်ဦးမည်ဟု သူက ထောက်ပြသည်။
အဆိုပါ နည်းပညာ၊ အရင်းအနှီး ရရှိရေးကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြုရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာရေးအတွက် အားပေးဆောင်ရွက်နေသည့် WE LOVE RAKHINE အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးတင်ငြိမ်းဦးကို နိရဉ္စရာသတင်းဌာက ဆက်သွယ်မေးမြန်းရာ သူက ယခုလိုပြောသည်။
“ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို အစုအဖွဲ့နဲ့ လုပ်ကိုင်မယ်ဆိုရင် လိုအပ်တဲ့ အခက်အခဲတွေနဲ့ နည်းပညာတွေကို အကူညီပေးနိုင်မယ့် အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ရှိပါတယ်။”
ရခိုင်တွင် စက်ရုံ အလုပ်ရုံ မရှိသည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှာလည်း စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သဖြင့် အလုပ်လုပ်နိုင်သည့် အရွယ်ကောင်း လူငယ်၊ လူလတ်ပိုင်း အများစုမှာ ပြည်ပထွက်ခွာကာ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက် လုပ်ကိုင်နေကြသည့်အတွက် ပြည်နယ်တွင်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်မည့်သူများ တစ်စတစ်စ နည်းပါးလာနေသည်ဟု သိရသည်။