စစ်တွေ ကျောင်းကြီးလမ်းရပ်ကွက်တွင် အစမ်းခန့်ညစောင့်များ ကင်းစောင့်သည့်ညတွင်ပင် သူခိုး ၅ ဦးဖမ်းမိ

စစ်တွေ ကျောင်းကြီးလမ်းရပ်ကွက်တွင် အစမ်းခန့်ညစောင့်များ ကင်းစောင့်သည့်ညတွင်ပင် သူခိုး ၅ ဦးဖမ်းမိ

စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်တွင် အောက်တိုဘာ ၂၆ ရက်နေ့ညတွင် ဝန်ထမ်းအချို့အား အစမ်းခန့်အပ်ကာ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်စေခဲ့ရာ ၎င်းညတွင်ပင် သူခိုး ၅ ဦးအား ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးရမိသောသူခိုးများမှာ စစ်တွေမြို့ စက်စုံစုရပ်ကွက်မှ အမျိုးသား ၂ ဦး၊ လမ်းမတော်တောင်ရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် စစ်တွေမြို့နယ် လသာကျေးရွာမှ အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း ကျောင်းကြီးလမ်းရပ်ကွက်လုံခြုံရေးကော်မတီမှ ဦးအေးထွန်းကျော်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။

၄င်းတို့တွင် ခိုးယူရာ၌အသုံးပြုမည့်ပစ္စည်းကိရိယာများပါတွေ့ရှိ ဖမ်းဆီးရမိသော်လည်း သက်ဆိုင်ရာလူကြီးများထံ ခံဝန်ကတိ လက်မှတ်ထိုး၍ ပြန်လွှတ်ပေးလိုက်သည်ဟု ဦးထွန်းအေးကျော်က ပြောသည်။

စစ်တွေမြို့တွင် မကြာခဏခိုးမှုဖြစ်ပွားမှုများလာနေ၍ ကျောင်းကြီးလမ်း ရပ်ကွက်တွင် ညကင်းစောင့်ရန် ဝန်ထမ်းအလုပ်သမား ၉ ဦး ခေါ်ယူ ထားကြောင်း၊ ခေါ်ယူထားသည့်ဝန်ထမ်းတစ်ဦးကို တစ်လလျှင် ရပ်ကွက်နေ ပြည်သူများက ကျပ် ၈ သောင်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊  ရပ်ကွက် လုံခြုံရေးအတွက် ညအချိန် ကင်းလှည့်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုဆို စစ်တွေမှာ ခိုးမှုတွေဖြစ်တယ်။ ကိုယ့်ရပ်ကိုယ်ရွာ လုံခြုံရေးအတွက်ဆိုရင် လုပ်ရမှာပဲ။ ညစောင့် ဝန်ထမ်းက ၉ ယောက်ခေါ်ထားတယ်။ တချို့ကို အစမ်းခန့်ပြီး ကင်းစောင့်တာ တစ်ညတည်းနဲ့ ၅ ဦးမိတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှုများမှာ နေ့စဉ်နှင့် အမျှ ရှိလာနေသည့်အတွက် မြို့ခံများ၏ ပစ္စည်းဥစ္စာများ ဆုံးရှုံးနေရသည့်အတွက် ရပ်ကွက်များကို ကင်းစောင့်နေကြသည်ဟု သိရသည်။

အဆိုပါခိုးမှုများဖြစ်ပေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲများကိုတိုင်ကြားပါက အရေးယူ ဆောင်ရွက် ပေးသွားမည်ဟု စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောသည်။

“ရဲတွေကလုံခြုံရေးဆောင်ရွက်တဲ့အပေါ်မှာ ကျနော်တို့ဆီကနေပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ လှည့်ပြီး ကင်းလှည့်တာတွေရှိတယ်။ ပျောက်တဲ့ဟာတွေကို သူခိုးတွေကို ဖော်ထုတ်အရေးယူတာတို့လည်းရှိတယ်” ဟု ပြောသည်။

အခိုးခံလိုက်ရသော ကာယကံရှင်ကိုယ်တိုင်က သူခိုးအား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးထံသို့ အပ်နှံတိုင်ကြားပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက အမှုဖွင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးကျော်လွင်က ပြောသည်။

စစ်တွေတွင် ခိုးမှု၊ လုယက်မှုများမှာ ညအချိန်တွင်သာမက နေ့ခင်း ကြောင်တောင် အချိန်များတွင်လည်း ဖြစ်ပေါ်နေကြသည်ဟု မြို့ခံများက ပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်အချို့တွင် နေ့/ညလှည့်ကင်းများ လှည့်လည်မှုများရှိသော်လည်း ယခုကဲ့သို့ ခိုးမှု၊ လုယက်မှုများ နေ့စဉ်နီးပါး ပေါ်ပေါက်နေမှုအပေါ် မြို့ခံများက ဝေဖန်နေကြသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...