KIO မြောက်ပိုင်းတိုင်းတွင် ကျောင်းသားများအကြား COVID-19 ကူးစက်မှုမြင့်မား

KIO မြောက်ပိုင်းတိုင်းတွင် ကျောင်းသားများအကြား COVID-19 ကူးစက်မှုမြင့်မား

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၁ နယ်မြေဖြစ်သည့် အင်ဂွမ်လမြို့တွင် COVID-19 ရောဂါကူးစက်မှုများ ဆက်တိုက်တွေ့ရှိနေပြီး အယောက် ၃၀၀ ကျော် ကူးစက်ခံထားရသည်ဟု KIO ၏ COVID-19 ရောဂါတား ဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်း အင်ဂွမ်လမြို့အတွင်းရှိ KIO က ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းမှ COVID-19 ကူးစက်မှုများ စတင်ဖြစ် ပွားလာရခြင်း ဖြစ်သည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။

“ဒီအင်ဂွမ်လမှာဆိုရင် အဲ့ဒီမှာ အထက်တန်းကျောင်း ဖွင့်ထားတယ်။ အဲ့ဒီမှာ ဘော်ဒါဆောင်တွေ၊ ကျောင်းသား တွေ၊ မြို့က ကျောင်းသားတွေလည်း အဲ့မှာ ကျောင်းတက်ကြတယ်။ အဲ့မှာ သူတို့ကို သူတို့ရဲ့ မိဘတွေ၊ မြို့ကလူ တွေ သွားတွေ့တော့ အဲ့ကနေ ကူးစက်မှု ဖြစ်နိုင်တာလို့ သူတို့က အဲ့လို ခန့်မှန်းထားတယ်။ ဟိုတနေ့ ၃ ရက် လောက်ကဆို ၂၂၀ ကျော်ရှိတယ်။ မနေ့က ထပ်စစ်တော့ ၁၀၀ ကျော်တွေ့တယ်။ ၁၄၅ ရောက်လား ပြန်တိုး လာ တယ်။ ဟုတ်ကဲ့ ၃၀၀ ကျော်လောက်ရှိပြီ” ဟု ပြောသည်။

အင်ဂွမ်လမြို့သည် မြစ်ကြီးနားမြို့အထက် ၆၅ မိုင်အကွာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ မလိခနှင့်‌မေခမြစ်ကြားတွင်တည်ရှိပြီး  KIO မြောက်ပိုင်းတိုင်း ဌာနချုပ်ရှိရာဒေသ ဖြစ်သည်။

အင်ဂွမ်လမြို့ အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ကတစ်ကြိမ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တစ်ကြိမ် ကျောင်းသူ/သားများ၊ ဆရာ/ဆရာမများအား COVID-19 ရောဂါပိုး စစ်ဆေးပေးခဲ့ရာတွင် ပိုးတွေ့သူ အယောက် ၃၀၀ ကျော်ရှိသွားပြီဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က အယောက် ၂၂၀ ကျော်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၁၂၈ ဦးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

“အစဆိုရင် ဘော်ဒါဆောင်မှာ အနံ့ပျောက်တဲ့လူတွေ တစ်ယောက် နှစ်ယောက်ရှိလာတော့ အဲ့မှာ လူ ၃၀၀ ကျော် ကို စစ်လိုက်တယ်။ စစ်လိုက်တော့ အဲ့မှာ ပိုးတွေ့တာမျိုး တွေ့ရှိတာဖြစ်တယ်။ နောက်တစ်ခု အခုက ၁၀၀၀ ကျော်ကို ဆက်စစ်ဖို့ ရှိတယ်။ အဓိက အဲ့ဒီမှာ ဖြစ်တာလည်း ကြာပြီ။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ဖြစ်တာ။”

ရောဂါကူးစက်ခံရသောသူ အများစုသည် ခရစ်ယာန်အသင်းတော်များမှ ဖွင့်လှစ်ထားသော ဘော်ဒါအဆောင်များတွင် နေထိုင်သောသူများဖြစ်ပြီး ကျောင်းသားမိဘများ လာရောက်တွေ့ဆုံခဲ့ရာမှ ရောဂါ ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု အင်ဂွမ်လမြို့ ကိုဗစ်တားဆီးနှိမ်နှင်းရေး ကော်မတီက ပြောသည်။

ထိုသို့ကူးစက်မှုရှိနေသည့်အတွက် အင်ဂွမ်လမြို့ရှိ ဒေသခံ အိမ်ထောင်စု ၁၅၀ အိမ်ထောင်နှင့် လူဦးရေ ၉၀၇ ကို လည်း ဆေးစစ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

COVID-19 ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာများ အားလုံးကို သီးသန့်ခွဲထားပြီး အတည်ပြုလူနာများနှင့် ထိစပ်သူများ၊ သံသယလူနာများကိုလည်း Quarantine သီးသန့်ထားရှိပြီး ကျန်းမာရေး အခြေအနေများကို စောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။

ကျန်းမာရေးစောင့်ရှောက်ကုသရေးကို KIO ၏ ကျန်းမာရေးဌာနနှင့် COVID-19 ရောဂါ လူနာပြုစု စောင့်ရှောက် ရေးအဖွဲ့တို့က ပူးပေါင်းကာ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လူမှုရေးအဖွဲ့အစည်းများကလည်း ဆေးဝါးကရိယာ အကူအညီများပေးအပ်ကာ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေးကော်မတီက ပြောသည်။

Photo – The Kachin Net

 
 

 

 

Most read this week

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...