အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်ကောင်စီကို စင်္ကာပူတိုက်တွန်း

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်ကောင်စီကို စင်္ကာပူတိုက်တွန်း

အာဆီယံက ခန့်အပ်ထားသည့် အထူးသံတမန်နှင့်အကြား "အပြည့်အဝနှင့် မြန်ဆန်ထိရောက်စွာ" ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာအာဏာသိမ်းစစ်ကောင်စီကို စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာ ၂၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားဆဲ သွေးထွက်သံယိုများသည့် အကျပ်အတည်းတစ်ခုကို ပြေလည်စေရေးဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများ၏ တစိတ်တဒေသအဖြစ် မြန်မာဆိုင်ရာ အထူးသံတမန်တစ်ဦးကို အာဆီယံက ခန့်အပ်ထားသည်။

အဆိုပါ အာဆီယံက ခန့်ထားသော အထူးကိုယ်စားလှယ်ဖြစ်သည့် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့်အကြား တွေ့ဆုံခွင့်ပြုရေး၊ ကြားဝင်ဖြေရှင်းမှုကို အဆင်ပြေချောမွေ့စေရေး အပါအဝင် အာဆီယံအုပ်စု၏ ကနဦး ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် အကောင်အထည်ဖော်ရာတွင် "တိုးတက်မှု နှေးကွေးနေ" သည်ဟု စင်္ကာပူဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။ "ဒါက မြန်မာပြည်သူတွေအတွက် သာမက စည်းမျဉ်းအခြေပြု အဖွဲ့အစည်းတစ်ခုအဖြစ် အာဆီယံရဲ့ အများယုံကြည် လက်ခံနိုင်မှုတို့အတွက်မှာပါ တကယ့် အကျိုးဆက်တွေ ရှိစေပါတယ်" ဟု စင်္ကာပူဝန်ကြီးချုပ်က ပြောသည်။

စင်္ကာပူဝန်ကြီးချုပ်သည် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၏ အွန်လိုင်း ထိပ်သီးတွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို မြန်မာနေရာကိုယ်စားပြုသူမရှိဘဲ ကျင်းပနေခြင်းဖြစ်သည်။ မြန်မာတွင် တိုက်ခိုက်မှုများကို ရပ်တန့်စေခြင်းမရှိသလို ညှိနှိုင်းဆွေးနွေးမှုများ အစပျိုးနိုင်ခြင်း မရှိသည့်အတွက် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီံယံထိပ်သီးအစည်းအဝေးသို့ မဖိတ်ကြားဘဲ ထားသည့် ရှားရှားပါးပါး ဆုံးဖြတ်ချက်တစ်ရပ်ကို ၁၀ နိုင်ငံအုပ်စုက ချမှတ်ထားခဲ့သည်။

ယင်းအစား နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ဦးကို တက်ရောက်စေရန် ဖိတ်ကြားချက်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့သည့် မြန်မာအာဏာသိမ်းစစ်တပ်သည် ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်ကြမ်းတမ်းသည့် ဖြိုခွင်းနှိမ်နင်းမှုများလုပ်ဆောင်ထားခဲ့ရာတွင် အရပ်သားပြည်သူများ သေဆုံးခဲ့ရသလို လူထောင်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

"မြန်မာနိုင်ငံက အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်ပူပန်နေဆဲ ဖြစ်ပါတယ်၊ အပြုသဘောဆောင်၊ ငြိမ်းချမ်းပြီး အကောင်းမြင် ပုံစံတစ်ခုနဲ့အတူ မြန်မာကို ကူညီဖို့ အာဆီယံရဲ့ အားထုတ်မှုတွေကို စင်္ကာပူအနေနဲ့ အခိုင်အမာ ထောက်ခံပါတယ်" ဟု ဝန်ကြီးချုပ် လီက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ခက်ခဲသည့် ကာလအတွင်း အာဆီယံ၏ အများယုံကြည် လက်ခံနိုင်မှုကို ထိန်းသိမ်းရန်အတွက် ချမှတ်ခဲ့ရသည့် "ခက်ခဲသော်လည်း မဖြစ်မနေ လုပ်ရန် လိုအပ်သည့်" ဆုံးဖြတ်ချက်များကို စင်္ကာပူအနေဖြင့် ထောက်ခံကြောင်း ၎င်းက ပြောခဲ့သည်။

အလားတူ အာဆီယံအနေဖြင့် ဘေးဒုက္ခ စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးစင်တာကနေတဆင့် မြန်မာပြည်သူများထံ လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးအပ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

စင်္ကာပူဝန်ကြီးချုပ်က ၎င်း၏ မိန့်ခွန်းထဲတွင် အာဆီယံကို အဓိကအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံပတ်သက်စေရင်း တစ်ဘက်တွင်လည်း ယင်း၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုကျမှု စည်းမျဉ်းများကို ထိန်းသိမ်းရေး၊ မတူကွဲပြားသည့် အမြင်များကို အလေးထားရင်း အဓိက ဒေသတွင်း ပြဿနာများအပေါ် ဘုံသဘောထားတစ်ခု ရယူလုပ်ဆောင်ရေး၊ ပြင်ပပါတနာများနှင့်အတူ လုပ်ဆောင်နိုင်သည့် ဘက်မလိုက် ပလက်ဖောင်းတစ်ခုအဖြစ် ဆက်ရှိစေရေးအတွက် တိုက်တွန်းခဲ့သည်။

 
 

 

 

Most read this week

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...