KNU စစ်ဆေးရေးဂိတ်တစ်ခုနှင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့

KNU စစ်ဆေးရေးဂိတ်တစ်ခုနှင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံနှင့် ဘီးလင်းမြို့နယ်နှစ်ခုအကြားရှိ ကေအဲန်ယူ တပ်မဟာ ၁ စစ်ဆေးရေးဂိတ်တစ်ခုနှင့် လူနေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေးကေ-ဝင်းတာပန်မှ ပိန္နဲတောသို့ ပြန်လာသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၄၀၆ နှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့တို့သည် သထုံ-ဘီးလင်းမြို့နယ်စပ်ကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၁နှင့် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့သည် ဘီးလင်းမြို့နယ်ထဲရှိ ဘီးလင်း-သထုံ ကားမဲစစ်ဆေးရေးဂိတ်(ဒေသအခေါ် နဂါးဂိတ်)နှင့် သထုံမြို့နယ်ဘက်ရှိ လူနေအိမ်တစ်အိမ်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မွန်းလွဲ ၂ နာရီခွဲလောက်မှာ ကားမဲစစ်ဆေးရေးဂိတ်မှာ တစ်ကြိမ်၊ လားခိုးနေရာမှာတစ်ကြိမ် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ဆေးရေးဂိတ်ကို သူတို့ဝင်မီးရှို့လိုက်တယ်။ ပြီးတော့ သထုံဘက်က မောကလိုးရွာက အိမ်တစ်အိမ်ကိုလည်း မီးရှို့ပစ်လိုက်တယ်။ မီးရှို့ခံရတဲ့အိမ်ကလည်း မုဆိုးမအိမ်ဆိုတော့ တဲသာသာရှိတဲ့ အိမ်ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ အိမ်ရှင်က ပြေးပြီလေ။ အိမ်မှန်း သူတို့လည်း သိကြပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိထားပြီး ၎င်းတို့ KNLA ဘက်တွင် စစ်ရေးဂိတ်တစ်ခု မီးရှို့ဖျက်ဆီးခံရမှုမှလွဲ ထိခိုက်ကျဆုံးမှုမရှိကြောင်း ၎င်းကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်အချို့သည် ပိန္နဲတောစစ်စခန်းသို့ ပြန်လည်ဝင်ရောက်သွားသလို တပ်ဖွဲ့ဝင်အချို့မှာ အနီးအနား ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် ဝင်ရောက် ခိုအောင်း၊ နေရာယူထားမှုများရှိသည်ဟု သိရသည်။

 
 

 

 

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...