သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ကျေးရွာများ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မီတာခ မဆောင်သဖြင့် ရွာလုံးကျွတ် မီးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။
ညောင်ရွှေမြို့နယ် မီးဖြတ်ခံထားရသည့် ကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက ပိုက်ဆံသိန်း ၃၀ ပြန်လည်ပေးသွင်းပါက မီးပြန်ပေးမည်ဟု လာရောက်ညှိနှိုင်းကြောင်း မီးဖြတ်ခံထားရသည့် ညောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်တပ်က အာဏာသိမ်းပြီးကတည်းကိုက မဆောင်တာ၊ ခနခနလာတောင်းတယ်၊ လာခြိမ်းခြောက်တယ်၊ ရွာသားတွေက မပေးဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်ဖြတ်လိုက်တာ၊ ပြီးတော့ ပိုက်ဆံသိန်း ၃၀ နဲ့ လာညှိတယ်၊ ပိုက်ဆံ သိန်း ၃၀ ကို တစ်လ ၁၀ သိန်းနဲ့ သုံးလပေးပေါ့၊ အဲ့လိုဆို မီးပြန်ပေးမယ်တဲ့” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အလားတူပင် အာဏာသိမ်းစစ်ကောင်စီအတွက် အသုံးစရိတ်လို ဖြစ်နေသည့် မီတာခများကို ပေးဆောင်ခြင်း မရှိသည့် တုံလည်းရွာကိုလည်း လက်ရှိတွင် လျှပ်စစ်မီးများပျက်နေကြောင်း သတင်းသိရသည်။
“ကျမတို့ရွာမှာလည်း ဒီနေ့တစ်နေကုန် မီးက လာလိုက်ပျက်လိုက်နဲ့ ဖြစ်နေတာ၊ ခုည ၈ နာရီဝန်းကျင်တော့ လုံးဝ ပျက်သွားတာ၊ ခုထိ ပြန်မလာသေးဘူး၊ ကျမတို့ရွာမှာ မီတာမဆောင်တဲ့လူလည်း တော်တော်များများရှိနေတော့ မီးဖျက်လိုက်တာလားတော့ မပြောတတ်ဘူး” ဟု တုံလည်းရွာသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ချို့တို့သည် ညောင်ရွှေမြို့နယ်အတွင်းရှိ ညောင်ဖြူကျေးရွာအပြင် မိုင်းသောက်ကျေးရွာအုပ်စုရှိ မီတာခ မဆောင်သည့် ရွာများကိုလည်း မီးဖြတ်ခြိမ်းခြောက်ပြပြီး ငွေသား သိန်း ၃၀ ပေးမှ မီးပြန်ပေးမည်ဟူသည့် ညှိနှိုင်းချက်များ လုပ်ဆောင်နေကြောင်းသိရသည်။